သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သံအမတ်ရဲ့ သတင်းစာရှင်းလင်းပွဲ


အမေရိကန်သံအမတ်ကြီး Derek Mitchell ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
အမေရိကန်သံအမတ်ကြီး Derek Mitchell ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ပြီးခဲ့တဲ့ ရက်ပိုင်း မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံကြား လူ့အခွင့်အရေးဆွေးနွေးပွဲမှာ အရပ်သား အုပ်ချုပ်ရေး နဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေအတွင်းက စစ်တပ်ရဲ့ အခန်းကဏ္ဍကို အမေရိကန် စစ်တပ်အရာရှိတွေ ဆွေးနွေးခဲ့ကြပြီး ထူးခြားတဲ့ သမိုင်းဝင်ဆွေးနွေးပွဲဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ ကူညီရေးအတွက် အမေရိကန် ဒေါ်လာ ၂သန်းနဲ့ ၇သိန်း တိုးပြီးတော့ ကူညီသွားမယ်လို့ ဒီနေ့ နေ့ခင်းပိုင်း အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာ ဒီတပတ်တွင်း ကျင်းပခဲ့တဲ့ အမေရိကန်အရာရှိတွေ နဲ့ မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေကြား လူ့အခွင့်အရေးဆွေးနွေးပွဲတွေအကြောင်း သံအမတ်ကြီး Derek Mitchellက သတင်းစာရှင်းလင်းပွဲမှာ အဓိက ပြောဆိုသွားပါတယ်။ ဒီလိုလူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲမျိုးကို ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ဖြစ်နိုင်မယ်လို့ မမျှော်လင့်တဲ့အကြောင်း သံအမတ်ကြီး ပြောဆိုသွားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတအိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးဌာန၊ ဒုသမ္မတရုံး အမိမြေလုံခြုံရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူပေးမှု ဆိုင်ရာအဖွဲ့ဝင်တွေ စစ်ဘက်ဆိုင်ရာအရာရှိတွေ မြန်မာအစိုးရဝန်ကြီးတွေ အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အလုပ်သမားအခွင့်အရေးကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့်၊ ဥပဒေစိုးမိုးရေး၊ တရားရေးစနစ်နဲ့ အတည်ပြုပြီး ပြဌာန်းတဲ့ ဥပဒေတွေကို လေးစားလိုက်နာ အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးကြပါတယ်။ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအကြား ချိန်ခွင်လျှာ ထိန်းသိမ်းရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့လည်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားခဲ့တာပါ။

အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ အရပ်သားအုပ်ချုပ်ရေးနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေအတွင်းက စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်စစ်တပ်ရဲ့ ရပ်တည်မှုနဲ့ တန်ဖိုးထားမှုတွေအကြောင်းကိုလည်း အဓိကပြောဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲ မကျင်းပခင်မှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်ဆောင်ရွက်မယ်ဆိုတဲ့သတင်းတွေ နဲ့ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Copra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကို ဖိတ်ကြားမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်လို့ သံအမတ်ကြီး Derek Mitchellက အတည်ပြုဖို့ ငြင်းဆိုခဲ့သလို အသေးစိတ်ဖြေကြားဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး William Burns ရဲ့ ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေရဲ့ အရှိန်အဟုန်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့လည်း သံအမတ်ကြီး Derek Mitchellကပြောပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေအကြား ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြ တာဖြစ်သလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ မြင်နေရတဲ့အနေအထားတွေအပေါ် မစ္စတာ William Burnsအနေနဲ့ ကျေနပ်အားရမှုရှိတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အတည်ပြုမယ့် နိုင်ငံခြားရင်းနှီးမြုတ်နှံမှု ဥပဒေကို အနီးကပ်စောင့်ကြည့်လေ့လာနေသလို ရင်းနှီးမြုတ်နှံမယ့် အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သယံဇာတတွေကို တူးဖော်ထုတ်လုပ်မယ့် ရင်းနှီးမြုတ်နှံရေးလုပ်ငန်းတွေ လုပ်ကိုင်မယ့် အမေရိကန်ကုမ္မဏီတွေအနေနဲ့ ထင်သာမြင်သာရှိဖို့ ၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို အဓိက ထားဖို့နဲ့ တာဝန်ယူမှုှရှိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ ဖြစ်စေရေး စတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကိုလည်း သံအမတ်ကြီး Derek Mitchellက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုရှင်းလင်းသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂.၇ သန်း ထောက်ပံ့မှာဖြစ်တဲ့ အကြောင်းကိုလည်း သံအမတ်ကြီး Derek Mitchellက ဒီနေ့သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေ အပေါ် စောင့်ကြည့်လေ့လာချက်တွေ အရ နောက်ထပ် အကူအညီတွေ ကို ပေးအပ်လိုက်တာဖြစ်ပြီး ပေးအပ်လိုက်တဲ့ အကူအညီတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတဆင့် ဒေါ်လာ ၂သန်းနဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ကတဆင့် ဒေါ်လာ ၇သိန်း ၃သောင်း ပေးအပ်လိုက်တဲ့အကြောင်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားပါတယ်။

ဒီအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းနှစ်ခု စလုံးအတွက် ထောက်ပံ့ပေးမှာဖြစ်ပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိစေရ မူအပါအဝင် လူသားချင်း စာနာထောက်ထားရေး လမ်းညွန်တွေ အတိုင်း ပေးအပ်မှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒီအကူအညီတွေဟာ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အထောက်အကူပြုစေမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားပါတယ်။
XS
SM
MD
LG