= = [[ Zawgyi ]] = =
ပဋိပက္ခ ဒေသတွေအတွက် ကိုဗစ်ကာကွယ်ဆေး ပို့ပေးရေး ကန် ညှိနှိုင်းဆောင်ရွက်
အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်နှစ် ဆောင်းဦးရာသီအရောက်မှာ ကိုဗစ်ကပ်ရောဂါအဆုံး သတ်နိုင်ရေးရည်ရွယ်ကိုအကောင်အထည်ဖေါ်နိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို တိုးမြှင့်သွားမှာဖြစ်ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ဆက်လက် လှူဒါန်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေပါဝင်တဲ့ ကိုဗစ်ရောဂါ တုန့်ပြန်ဆောင်ရွက်ရေး အွန်လိုင်းဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။
ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေအတွင်းက ပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေး ပေးပို့နိုင်ဖို့အတွက် J&J ကာကွယ်ဆေးကုမ္ပဏီနဲ့ COVAX ကာကွယ်ဆေးရရှိမှု အစီအစဉ်တို့အကြားမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကြားဝင် ညှိနိုင်းဆောင်ရွက်ပေးနိုင် ခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinkin ကပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ် ၁၉ ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်နဲ့ ကိန်းဂဏန်းတွေ ပြည့်ပြည်စုံစုံ ရယူစုဆောင်းတဲ့ အစီအစဉ်တရပ်ကို နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ကမ္ဘာဘဏ်တို့ ပူးတွဲဆောင်ရွက်နိုင်ခဲ့တာကိုလည်း ဝန်ကြီး Blinkin က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အခုလို အချိန်မှာဘဲ အမေရိကန်ကာကွယ်ဆေး ကုမ္ပဏီဖြစ်တဲ့ Moderna က ကာကွယ်ဆေးအလုံးပေါင်း သန်း (၁၁၀)ကို အာဖရိကသမဂ္ဂကို ရောင်းချ ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
= = {{ Unicode }} = =