သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခအရေး တိကျစွာ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ တောင်းဆို


ရခိုင်ပြည်နယ်မှာ မောင်တောဒေသတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်နေချိန်မှာပဲ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒေသတွင်း ဖြစ်ပွားနေတဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့အတွက် ပွင့်လင်းမြင်သာမှုရှိပြီး သီးသန့် လွတ်လပ်တဲ့အဖွဲ့တွေကို သွားရောက်ခွင့်ပြုဖို့လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ အသေးစိတ်ကိုတော့ ရှားဖောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်နေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေရသလို အခြေအနေကို စောင့်ကြည့် လေ့လာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Elizabeth Trudeau က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

“ကျမတို့အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မကြာသေးမီက ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှု သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ကျမတို့အနေနဲ့ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပြီး၊ အဲဒီဒေသမှာ ဖြစ်ထွန်းမှုတွေကိုလည်း ခိုင်မာတိကျတဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့လည်း ကြိုးစားနေပါတယ်။”

နိုဝင်ဘာလ ၁၅ ရက်နေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel အပါအဝင် အမေရိကန်နိုင်ငံခြားရေးဌာန၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးဌာနနဲ့ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက တာဝန်ရှိသူတွေ မြန်မာအစိုးရတာဝန်ရှိသူနဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံချိန်မှာ ရခိုင်ပြည်နယ် ဒေသတွင်း အခြေအနေမှန်တွေကို သိရှိနိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ သီးသန့်လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ သွားရောက်ခွင့်ပြုဖို့နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေ ဝင်ရောက်ခွင့်ပြုဖို့ ပြောဆိုခဲ့တယ်လို့လည်း Elizabeth Trudeau က ပြောပါတယ်။

“ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထင်သာမြင်သာ ပိုရှိပြီး၊ အချက်အလက်တွေ မျှဝေနိုင်ဖို့ ဘက်မလိုက်ဘဲ ယုံကြည်ကိုးစားနိုင်တဲ့ သီးခြားစုံစမ်းစစ်ဆေးမှုကို မြန်မာအစိုးရအနေနဲ့ စီစဉ်ပေးဖို့ လိုအပ်တဲ့အကြောင်းလည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒေသကို သတင်းမီဒီယာနဲ့ လူသားချင်းစာနာမှု အကူအညီ နှစ်ရပ်စလုံး လက်လှမ်းမီနိုင်စေဖို့လည်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်အတွင်းကို အမေရိကန် အပါအဝင် နိုင်ငံတကာ သံကိုယ်စားလှယ်တွေကို အခုလို သွားရောက်ခွင့်ပြုတာဟာ ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းတွေ ပိုမို ဝင်ထွက်ခွင့်ရှိစေဖို့အတွက် ကောင်းမွန်တဲ့ လက္ခဏာတရပ်ဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှု ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း Elizabeth Trudeau က ပြောပါတယ်။

“မကြာသေးခင်က အဲဒီဒေသကို သံအမတ်ကြီး Marciel နဲ့ တခြားကိုယ်စားလှယ်အဖွဲ့တွေကို သွားရောက်ခွင့်ပြုတာဟာ နိုင်ငံတကာအနေနဲ့ အဲဒီဒေသကို လက်လှမ်းမီအောင်ပြုလုပ်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်တယ်ဆိုတာကို ကျမတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ ဒေသတွေထံကို အကူအညီတွေရောက်နိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ဒါထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ကျမတို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံပြည်သူတွေဆီကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကို လုံခြုံမှုရှိရှိ အပြည့်အ၀ ဝင်ရောက်ခွင့်ပြုဖို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ AI အဖွဲ့ရဲ့ အာရှရေးရာ ပြောခွင့်ရပုဂ္ဂိုလ် T. Kumar က အခုလို ပြောပါတယ်။

“Amnesty International အနေနဲ့ မြန်မာအစိုးရကို အကြမ်းဖက်မှုတွေဖြစ်ပွားတဲ့ နေရာဒေသတွေကို နိုင်ငံတကာ အထောက်အကူပေးရေး လုပ်သားတွေနဲ့ လူသားချင်းစာနာမှု လုပ်သားတွေ သွားရောက်ပြီး၊ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် သီးခြား စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး နိုင်ငံတကာ စောင့်ကြည့်ရေးပုဂ္ဂိုလ်တွေ သွားရောက်ခွင့်ပြုဖို့ကိုလည်း တောင်းဆိုပါတယ်။”

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေမှန်တွေကို သိရှိနိုင်ဖို့အတွက် သီးသန့်လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင်ရောက် စစ်ဆေးခွင့်ပြုဖို့ အရှေ့တောင်အာရှဒေသ လွှတ်တော်ကိုယ်စားများအဖွဲ့ APHR ကလည်း မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ ရှေ့ဆက်ဖြစ်လာမယ့် သွေးထွက်သံယိုမှုတွေ ဒါမှမဟုတ် သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုရင် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း APHR အဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်းက အကြမ်းဖက်မှု ဖြစ်ပွားလာတာ တလကျော်လာပြီး ဖြစ်တာနဲ့ ဒေသခံတွေကလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာကြောင့် မြန်မာအစိုးရစစ်တပ်က လေကြောင်းကပါ တိုက်ခိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကတော့ အကြမ်းဖက်မှုဖြစ်ပွားနေတဲ့ မောင်တောဒေသဘက်မှာ ကျေးရွာတွေ မီးရှို့ခံရတာတွေ ရှိတယ်လို့ သူတို့အဖွဲ့ရဲ့ ဂြိုလ်ထုဓာတ်ပုံသတင်းတွေကို ကိုးကားပြီး ပြောပါတယ်။ အခြေအနေမှန်ကို သိရဖို့အတွက် အစိုးရအနေနဲ့ ဒေသထဲကို သတင်းထောက်တွေနဲ့ သီးသန့်လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို သွားရောက်ခွင့် ပြုသင့်တယ်လို့ဆိုပါတယ်။

အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ ARNO ကတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း ရိုဟင်ဂျာ မူဆလင် အရပ်သားအများစု သတ်ဖြတ်ခံရကြောင်း၊ ဒီလိုဖြစ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ လုံခြုံရေးနဲ့ အကာအကွယ် အပြည့်အဝပေးဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG