သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံ ဘာသာရေး ချုပ်ချယ်မှု အမေရိကန် စိုးရိမ်

  • ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံ ဘာသာရေး ချုပ်ချယ်မှု အမေရိကန် စိုးရိမ်

မြန်မာနိုင်ငံ အပါအ၀င် ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ တိုင်းပြည်တွေရဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်စဉ် အစီရင်ခံစာက ပြောဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို ပြုစုနေစဉ် ကာလမှာပဲ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေသာမက ခရစ်ယာန်နဲ့ မူဆလင် ဘာသာဝင်တွေကြား လူမှုရေးအရ တင်းမာမှု အခြေအနေတွေ ရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။

စစ်အစိုးရက အသိအမှတ် ပြုထားတဲ့ ဘာသာရေး အသင်းအဖွဲ့ အများစုကို ယေဘုယျအားဖြင့် ၀တ်ပြုဆုတောင်းတာလို ဘာသာရေး လုပ်ငန်းတွေကို ခွင့်ပြုပေမဲ့ တချို့ အဖွဲ့အစည်းတွေအပေါ် ကန့်သတ် ချုပ်ချယ်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး ဖိနှိပ်မှုတွေ မလုပ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းထားပေမဲ့လည်း အများအားဖြင့်ကတော့ အီလက်ထရောနစ် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ ဥပဒေမဲ့ အသင်းအပင်း ဖွဲ့စည်းတဲ့ ဥပဒေတွေနဲ့ ဘာသာရေး၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ပစ်မှတ်ထားလေ့ ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

တည်ဆဲဥပဒေတွေအရ ဘာသာရေး အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တွေ အနေနဲ့ နိုင်ငံရေး ရာထူးတွေ ရယူခွင့် မပြုသလို နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်တဲ့ ဥပဒေအရ ဆိုရင်လည်း ဆန္ဒမဲပေးခွင့် မပြုကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အစီရင်ခံစာက ဆိုပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတွေအဖြစ် မြန်မာနိုင်ငံအပြင် တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေကိုလည်း ထည့်သွင်းထားပါတယ်။

XS
SM
MD
LG