သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ကန် အရေးယူပစ်မှတ်က ပယ်ဖျက်


အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ -UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် (ယာ)
အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ -UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် (ယာ)

အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဝင်းအောင်ကို အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု စာရင်းကနေ မနေ့က ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေး လိုက် တာဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မှာ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ဧပြီလ ၂၃ ရက် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ - အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်ပက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှုဌာန (OFAC) ကနေ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်မှုတွေ တစိတ်တပိုင်းအရ - မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်း ၂ ခုဖြစ်တဲ့ Dagon International လိမိတက် နဲ့ Dagon Timber လိမိတက်တို့ကို SDN လို့ခေါ်တဲ့ အထူးကန့်သတ်ခံထားရတဲ့ လူပုဂ္ဂိုလ်များ စာရင်းကနေ ပယ်ဖျက်ပေးလိုက်ကြောင်း ဖော်ပြခဲ့တာပါ။

ဒါ့အပြင် အဲဒီကြေညာချက်ထဲမှာ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မာရီ ဟဖ် (Marie Harf) က - မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ တိုင်းရင်းသားတွေနဲ့ မပြေမလည် ဖြစ်နေတာတွေကို ဖြေရှင်းတာတွေလို လုပ်ရပ်တွေအပေါ် မူတည်ပြီး အရေးယူမှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဦးဝင်းအောင်ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ Dagon group ရဲ့ အင်တာနက် စာမျက်နှာမှာ အမေရိကန်က အရေးယူထားတဲ့ လက်အောက်ခံ ကုမ္ပဏီ ၂ ခုကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ လျှောက်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုလို အမေရိကန်အစိုးရက - ဦးဝင်းအောင်ကို SDN စာရင်းကနေ ပယ်ဖျက်ပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းက သုံးသပ်ခဲ့ပါတယ်။

" ဒီဦးဝင်းအောင်အနေနဲ့က အခုအချိန်မှာပေါ့နော် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာပေါ့။ ဖြစ်နေတဲ့အခါကျတော့ ဒီမြန်မာနဲ့ အမေရိကန်ကြား စီးပွားရေး ဆက်ဆံရေး ကိစ္စတွေ တချို့ လုပ်မယ်ဆိုလို့ရှိရင် အဖုအထစ်လေးတွေဖြစ်တာပေါ့။ ဥပမာအားဖြင့် ဦးဝင်းအောင်က Sanctions List ထဲပါတော့ အမေရိကန်နိုင်ငံ လာလည်ဖို့တို့ ခုနက လုပ်ငန်းကိစ္စတွေမှာ လာဖို့တို့ဆိုရင် အခက်အခဲတွေ ရှိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း အခု Chamber of Commerce ခေါ်တာပေါ့နော်။ အမေရိကန်နဲ့ မြန်မာပြည်ကြား စီးပွားရေး ပိုမိုဆက်ဆံချင်လို့ရှိရင် ဒီဦးဝင်းအောင်ကို ဖယ်ရှားပေးလိုက်တာဟာလည်း အချက်တခုလို့ ကျနော်ထင်ပါတယ်။"

တချိန်က မြန်မာစစ်အစိုးရတွေကို ဘဏ္ဍာရေးအရ အကူအညီပေးခဲ့သူ တဦးအဖြစ် ၂၀၀၉ ခုနှစ်ကတည်းက အမေရိကန် အစိုးရက အရေးယူထားတာ ဖြစ်ပေမဲ့ လည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဦးဝင်းအောင် က အားပေးလာတာလို ပြောင်းလဲမှုတွေ လုပ်ခဲ့တာ တွေ့ရတယ် လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး Wall Street Journal က ဖော်ပြခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကတော့ - အခုလို ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်ကို အရေးယူဒဏ်ခတ်မှုစာရင်းကနေ အမေရိကန် အစိုးရက ဖယ်ရှားပေးခဲ့တဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။

"ကျနော်ထင်တာတော့ လုပ်သင့်တဲ့ကိစ္စလို ထင်ပါတယ်။ ဦးဝင်းအောင် တယောက်တည်း အနေနဲ့ မကြည့်ပဲ မြန်မာနိုင်ငံ ကုန်သည်ကြီး လုပ်ငန်းရှင်များအသင်းအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်ပြု ပြင်ပြောင်းလဲမှု အတွက် အရေးပါပါတယ်။ ဆိုတော့ နိုင်ငံချင်း ကြားထဲမှာ စီးပွားရေး ဆက်ဆံမှုတွေ လုပ်မယ်ဆိုရင်လည်း ဦးဝင်းအောင်ကို Sanctions ချထားတယ်ဆိုလို့ရှိရင် ဆက်လုပ်ရမှာတွေက အခက်အခဲတွေဖြစ်နေတာပေါ့နော်။ အဲ့ဒီ့အနေအထားမှာဆိုရင်တော့ လုပ်သင့်တဲ့အနေအထားလို့ ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း - သမ္မတ အိုဘားမားအစိုးရကနေ - မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုရော၊ ထိတွေ့ဆက်ဆံမှုပါ နှစ်မျိုးစလုံးကို ကျင့်သုံးခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာတော့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကို သမ္မတ အိုဘားမားအစိုးရကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့လို့လည်း စစ်အစိုးရလက်ထက်က အဆင့်မြင့် အရာရှိကြီးတွေနဲ့ ခရိုနီတွေ အပါအဝင် တချို့စီးပွားရေးကုမ္ပဏီတွေနဲ့ လုပ်ကိုင်ဖို့ကိုတော့ အမေရိကန်က တားမြစ်ထားဆဲဖြစ်ပါတယ်။

XS
SM
MD
LG