သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်


Geneva အခြေစိုက်အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ့်အကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကကြေညာလိုက်ပါတယ်။ အခုလိုနုတ်ထွက်ရတာဟာ အစ္စရေးအပေါ် လူ့အခွင့်အရေးကောင်စီမှာ မကြာခဏ ဝေဖန်မှုတွေ လုပ်ခဲ့ကြသလို အဖွဲ့ဝင်နိုင်ငံတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေ ပါဝင်နေတဲ့အတွက်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ပြောပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ဆက်ပြောပြမှာပါ။

၂၀၁၆ ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ Geneva အခြေစိုက် လူ့အခွင့်အရေးကောင်စီမှာ အမေရိကန် ပြည်ထောင်စုက တနှစ်ကျော်ကြာ မကျေနပ်ချက်တွေ သတိပေးချက်တွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ အမေရိကန် ပြည်ထောင်စုက နုတ်ထွက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley တို့ အင်္ဂါနေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ လူ့အခွင့်အရေးကောင်စီဟာ ကြောင်သူတော်ဆန်ပြီး အစ္စရေးအပေါ် ခွဲခြားဆက်ဆံမှု ပြသခဲ့တယ်လို့ ဝန်ကြီး Pompeo က ပြောခဲ့ပါတယ်။

“လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရာမှာ သိပ်ကိုအားနည်းပါတယ်။ ပိုဆိုးတာက လူ့အခွင့်အရေးကောင်စီဟာ ကြောင်သူတော်ဆန်ပြီး ကမ္ဘာမှာအဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဥပက္ခာပြုနေတာတွေ့ရသလို ကောင်စီထဲမှာလည်း ကမ္ဘာပေါ်က လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးနိုင်ငံတွေ အဖွဲ့ဝင်အဖြစ်ပါဝင်နေတာကို တွေ့ရပါတယ်။ လူ့အခွင့်အရေးကောင်စီက အကာအကွယ်မပေးတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ပေးနေတဲ့အတွက်ကြောင့် အပြောင်းအလဲတွေဖော်ဆောင် တဲ့နေရာမှာ အဟန့်အတားဖြစ်စေပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေးကောင်စီမှာ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေဖြစ်ပြီး အစ္စရေးနိုင်ငံအပေါ် တဖက်သတ်ဆက်ဆံခဲ့တယ်လို့ ဝန်ကြီး Pompeo က ပြောခဲ့ပါတယ်။

“ဒီနေ့ကမ္ဘာကြီးအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေးကောင်စီလုပ်ဆောင်ချက်ဟာ မအောင်မြင်ဘူးဆိုတာကို တွေ့ရပါမယ်။ ကောင်စီအဖွဲ့ဝင်တွေမှာ အာဏာရှင်အစိုးရတွေ လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ ကျူးဘား၊ ဗင်နီဇွဲလား စသဖြင့်ပါဝင်နေပါတယ်။ လုပ်ဆောင်ချက်တွေကလည်း မမျှတပါဘူး။ နိုင်ငံတွေအချင်းချင်းကြားမှာ ပူးပေါင်းကြံစည်ပြီးတော့ ထိခိုက်အောင်လုပ်ဆောင်တာတွေ တွေ့ရပါတယ်။ အတိအကျမှတ်တမ်းတွေအရလည်း အစ္စရေးနိုင်ငံအပေါ်မှာ ခွဲခြားဆက်ဆံတာကို တွေ့ရပါတယ်။ လူ့အခွင့်အရေးကောင်စီဖွဲ့စည်းချိန်က စပြီးတော့ ကောင်စီအနေနဲ့ အစ္စရေးကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာဟာ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေအားလုံး အပေါ်မှာ ချမှတ်တာထက် ပိုပြီးတော့ များနေတာကို တွေ့ရပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကလည်း အဲဒီပူးတွဲသတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်ရတဲ့အကြောင်းအရင်း ၂ ရပ်ကို ရှင်းပြပါတယ်။

“ ပထမကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မလွတ်လပ်တဲ့ နိုင်ငံတွေ ပါဝင်နေပါတယ်။ သူတို့က ကောင်စီကို ထိရောက်စွာ မလုပ်ဆောင်စေချင်ပါဘူး။ သိက္ခာရှိတဲ့၊ လေးစားရတဲ့ ကောင်စီဟာ ဒီနိုင်ငံတွေအတွက် အန္တရာယ်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလေးစားထိရောက်တဲ့ ကောင်စီမျိုး မဖြစ်ရအောင် သူတို့က ဟန့်တားခဲ့ကြတာပါ”လို့ Nikki Haley က ပြောသွားပါတယ်။

ဒါ့အပြင် ကောင်စီအဖွဲ့ဝင်တွေကို ကြည့်ရင် ရုရှား ၊ တရုတ်၊ ကျူးဘား နဲ့ ဗင်နီဇွဲလားတို့ဟာ လူ့အခွင့်အရေးကောင်စီပြုပြင်ပြောင်းလဲဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ပြီးခဲ့တဲ့ တ နှစ်ပတ်လုံး နှောက်ယှက်ဟန့်တားခဲ့တာဖြစ်တယ်လို့ ရှင်ပြခဲ့ပါတယ်။

ဒုတိယနုတ်ထွက်ရခြင်းအကြောင်းက ပိုပြီးစိတ်ပျက်စရာကောင်းတယ်လို့ သူကပြောပါတယ်။

“လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတချို့ဟာ ကျမတို့နဲ့ စံတန်ဖိုးတွေ တူတာတွေ့ရပါတယ်။ အများစုက ကျမတို့ကောင်စီမှာ ဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။ ကောင်စီမှာ အနိုင်ကျင့်ခံကြရတာတွေအတွက် သူတို့က မျက်နှာပူခဲ့ကြပါတယ်။ ကျူးဘား နဲ့ ဗင်နီဇွဲလား၊ ကွန်ဂို အစရှိတဲ့ ကောင်စီမှာပါဝင်တဲ့ နိုင်ငံတွေရဲ့ ကြောင်သူတော်ဆန်မှုတွေကို သူတို့က အမေရိကန်မြင်သလိုပဲ ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျမတို့နဲ့ စံထားချက်တွေတူတဲ့ ဒီနိုင်ငံတွေဟာ လက်ရှိကောင်စီမှာဖြစ်နေတဲ့အခြေအနေတွေကို စိန်ခေါ်ဖို့ သတ္တိမရှိခဲ့ကြပါဘူး။” လို့ Nikki Haley က ပြောသွားပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုက နုတ်ထွက်ခဲ့တာလို့ ပြောပါတယ်။

ဒီကောင်စီအဖွဲ့ဝင်အများအပြားက အမေရိကန်ကို လူ့အခွင့်အရေးကောင်စီမှာဆက်နေဖို့ပြောပါတယ်။ ကောင်စီမှာ အမေရိကန် ပါဝင်ခြင်းအားဖြင့် ဂုဏ်သိက္ခာရှိတယ်လို့ ယူဆကြပါတယ်။ အဲဒီအချက်ကိုက ကျမတို့ ကောင်စီကနေ နုတ်ထွက်ရတဲ့ အဓိကအချက်ဖြစ်တယ်။ လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးကိုလေးစားလိုက်နာတဲ့ နိုင်ငံတွေကို တိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့နိုင်ငံတွေကို ကာကွယ်နေမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက ဒီလိုအဖွဲ့အစည်းကို ဘယ်လိုမှ ထောက်ခံမှုမပြနိုင်ပါဘူး။” လို့ Nikki Haley က ပြောသွားပါတယ်။

လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်အခုလို နုတ်ထွက်တာ အခုတကြိမ်မှမဟုတ်ပါဘူး။ သမ္မတဟောင်း George W Bush လက်ထက်ကလည်း လူ့အခွင့်အရေးကောင်စီကို ၃ နှစ်ကြာ ဝိုင်းကြဉ်ပြီးတဲ့နောက် သမ္မတ အိုဘားမားလက်ထက်ကြမှ ကောင်စီအဖွဲ့ဝင် ပြန်လည်ဖြစ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG