ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က တိုင်းပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြောင်းလဲ လုပ်ဆောင်တဲ့ အနေနဲ့ မဟာမိတ်ဟောင်း အမေရိကန်ပြည်ထောင်စုနဲ့ လမ်းခွဲပြီး စစ်အေးခေတ်က အမေရိကန်ရဲ့ ရန်သူတွေဖြစ်ခဲ့တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဘက်ကို ပြောင်းလဲ ချဉ်းကပ် လာနေပါတယ်။ သမ္မတ Duterte ရဲ့ ဒီ လုပ်ဆောင်ချက်ကြောင့် အရှေ့တောင် အာရှတိုက်အတွင်းမှာ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ အစီအစဉ်တွေနဲ့ တိုင်းပြည်တောင်ပိုင်း ကျွန်းစုတွေပေါ်မှာ ရှိနေတဲ့ အကြမ်းဖက် မူဆလင် သူပုန်အဖွဲ့တွေကို တိုက်ခိုက်ရေးတို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီတွေ ရယူတော့မှာ မဟုတ်ကြောင်း သမ္မတ Duterte က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တွေးခေါ်မှုပိုင်းနဲ့ပတ်သက်လို့ တခြားတဖက်ကို ပြောင်းလဲပြီး တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ မဟာမိတ်ပြု လုပ်ဆောင်သွားမယ်လို့ အသက် ၇၁ နှစ်အရွယ် သမ္မတ Duterte က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတင်းထောက်တွေကို ပြောကြားခဲ့တာကို ကိုးကား ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ဖိလစ်ပိုင်နိုင်ငံနဲ့ မဟာမိတ်အဖြစ် ဆက်လက်တည်ရှိသွားဖို့ သံဓိဌာန် ချထားကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး တည်တန့် ခိုင်မြဲဖို့အတွက် သမ္မတ Barack Obama မနှစ်က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်စဉ်ကလဲ အဲဒီကိစ္စအတွက် သမ္မတ Duterte နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ပြောပါတယ်။