သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက်စာရင်း တပတ်အတွင်း တင်သွင်းရမည်


ဆီးရီးယားမှာ ဓာတုလက်နက်ဖျက်သိမ်းရေး ဂျနီဗာမြို့မှာ ဆွေးနွေးခဲ့ကြသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry (ဝဲ)၊ ကုလအထူးကိုယ်စားလှယ် Brahimi (လယ်)၊ နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ယာ)
ဆီးရီးယားမှာ ဓာတုလက်နက်ဖျက်သိမ်းရေး ဂျနီဗာမြို့မှာ ဆွေးနွေးခဲ့ကြသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry (ဝဲ)၊ ကုလအထူးကိုယ်စားလှယ် Brahimi (လယ်)၊ နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ယာ)
ဆီးရီးယားမှာ ဓာတုလက်နက်တွေ ဘယ်လောက်ရှိသလဲဆိုတာ စာရင်း အပြည့်အစုံကို တပတ်အတွင်းပေးဖို့ လိုအပ်တဲ့ ဆီးရီးယားဓာတုလက်နက် ဖျက်ဆီးရေး သတ်မှတ်ချက်တခုကို အမေရိကန်နဲ့ရုရှားတို့ သဘောတူကြပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဒီကနေ့ ဆွေးနွေးအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆီးရီးယားအစိုးရဆီမှာ ဘယ်လို ဓာတုလက်နက်တွေ ဘယ်လောက်ပိုင်ဆိုင်သလဲဆိုတာကို သုံးသပ်နိုင်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဓာတုလက်နက်တွေထားတဲ့နေရာကို စစ်ဆေးနိုင်ဖို့လည်း စစ်ဆေးသူတွေကို အမြန်ဆုံးခွင့်ပေးရမယ်လို့ ဝန်ကြီး Kerry ကပြောပါတယ်။

၂၀၁၄ ခုနှစ်၊ နှစ်လယ်မရောက်ခင်မှာ ဆီးရီးယားမှာ ရှိသမျှ ဓာတု လက်နက်တွေနဲ့ လက်နက်လုပ်နိုင်တဲ့ ပစ္စည်းတွေအားလုံးကို ရှင်းလင်း ဖယ်ရှားဖို့ အတွက်လည်း ဒီအစီအစဉ်မှာ တောင်းဆိုထားပါတယ်။ ဒီသတ်မှတ်ချက် အစီအစဉ်အတိုင်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒေသတွင်းအတွက်တင်မက နိုင်ငံတကာအတွက်ပါ အကျိုးဆက်တွေ ရှိလာမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Kerry ကဆိုပါတယ်။ အခုအစီအစဉ်အတိုင်း ဆီးရီးယားက မဆောင်ရွက်ဘူးဆိုရင်တော့ ဒဏ်ခတ်အရေးယူမှုတွေလုပ်နိုင်တဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ပါ အခန်း ၇ အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုနိုင်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အခုသဘောတူတဲ့ အစီအစဉ်ထဲမှာ တပ်အင်အားသုံးနိုင်ခြေ အလားအလာနဲ့ ပတ်သက်တာ တစုံတရာမပါဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်နဲ့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Lakhdar Brahimi တို့ Switzerland နိုင်ငံ၊ ဂျနီဗာမြို့မှာ သုံးရက်ကြာဆွေးနွေးခဲ့ပြီးနောက်မှာ အခု အစီအစဉ်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Damascus မြို့တော်နားမှာ ဆီးရီးယားအစိုးရက အဆိပ်ဓာတ်ငွေ့ သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မယ့် အစီအစဉ်ဟာ အခု သဘောတူညီမှုတွေကြောင့် ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ ဆီးရီးယားအစိုးရရဲ့ ဓာတု လက်နက် အစီအစဉ်နဲ့ ဆက်နွယ်နေတဲ့နေရာ ၄၅ နေရာလောက်ရှိနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ယောက်က သတင်းထောက်တွေကို Geneva မှာ ပြောခဲ့ကြောင်း ပြင်သစ်သတင်းဌာနက ပြောပါတယ်ရှင်။
XS
SM
MD
LG