အမေရိကန်-ရုရှား ဆက်ဆံရေးဟာ စစ်အေး နှစ်ပေါင်း ၆၀ အပါအ၀င် ကာလတလျောက်လုံး အခုအခါ အနိမ့်ဆုံးအခြေအနေရောက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့် ဗုဒ္ဓဟူး နေ့က ပြောကြားလိုက်ပါတယ်။
အမေရိကန် ရုရှား နှစ်နိုင်ငံ သံကင်းတမန်ကင်း အနေအထားကို သမ္မတထရမ့် အခုလို ပြောကြားလိုက်ချိန်ဟာ ဆီးရီးယားကို သူ့အခေါ် Smart ဒုံးကျည်သစ်တွေ ပစ်လွှတ်မယ်ဆိုပြီး twitter မှာရေးသားနေချိန်ဖြစ်ပါတယ်။
လူ လေးဆယ်သေဆုံးခဲ့ရတဲ့ ဓါတုလက်နက်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ဆီးရီးယားအစိုးရနဲ့ ရုရှားတပ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာပါ။
“ ဆီးရီးယားကို ပစ်ခတ်တဲ့ ဒုံးကျည်အားလုံးကို ပစ်ချမယ်လို့ ရုရှားက ဆိုထားတာနဲ့ ပတ်သက်ပြီး ပစ်ခတ်ဖို့ အဆင်သင့်ပြင်ထားပေတော့၊ ဒုံးကျည်တွေလာနေပြီ” ဆိုပြီးလည်း ဒေါ်နယ်လ်ထရမ့်က သူရဲ့ twitter မှာရေးသားထားပါတယ်။
ကိုယ့်ပြည်သူတွေကို အဆိပ်ဖြန်းသတ်ပြီး အားရကျေနပ်နေတဲ့ တိရစ္ဆာန်နဲ့ ရုရှား မပူးပေါင်းသင့်ဘူးလို့လည်း ဆိုထားပါတယ်။
ရုရှားဟာ သူတို့စီးပွားရေးအတွက် အမေရိကန်အကူအညီကို လိုအပ်နေတယ်၊ ဒါဟာ သိပ်လွယ်ပါတယ်။ လက်နက်ယှဉ်ပြိုင်တာကို ရပ်ဆိုင်းဖို့ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း ဆိုထားပါတယ်။