သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအစိုးရအရာရှိ လေးဦးကို ကန် ဒဏ်ခတ်အရေးယူ


 နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby

Russia အရာရှိတွေကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်လိုက်တာဟာ ၂ နိုင်ငံကြား ဆက်ဆံရေးကို ပိုဆိုးဝါးအောင် လုပ်ဆောင်တာဖြစ်တယ်လို့ Russia က ဒီကနေ့ပဲ ဝေဖန်သွားပါတယ်။

အမေရိကန်သမ္မတ Barack Obama ဒုတိယ အုပ်ချုပ်မှု သက်တမ်းအတွင်းမှာ ဆက်ဆံရေးဆိုးလာရတဲ့အပေါ် Russia တို့က စိတ်မကောင်းဖြစ်ရကြောင်း အနာဂတ်မှာတော့ ဆက်ဆံရေး ပိုကောင်းမွန်လာဖို့ မျှော်လင့်မိကြောင်း Russia အစိုးရ ပြောခွင့်ရသူ Dmitry Peskov က ပြောပါတယ်။

Russia ထိပ်တန်း စုံစမ်းစစ်ဆေးရေးမှူးနဲ့ တခြား Russia အစိုးရ အရာရှိ ၄ ဦးဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေ လုပ်ဆောင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီးမနေ့က တနင်္လာနေ့ကပဲ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်လိုက်ပါတယ်။ Hezbollah အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲခံရသူ ၂ ဦးနဲ့ ဒီ Russia အရာရှိ ၅ ဦးတို့ကို Magnitsky ဥပဒေနဲ့ အရေးယူဒဏ်ခတ်တာ ဖြစ်ပါတယ်။ သူတို့ ၇ ဦးလုံးကို ဘာ့ကြောင့် ဒဏ်ခတ် အရေးယူရ သလဲဆိုတာ အမေရိကန်အရာရှိတွေက အသေအချာမပြောပါဘူး။

သေချာစုံစမ်းအကဲဖြတ်ပြီးတော့မှာ ဒီလူတွေကို ဒဏ်ခတ် အရေးယူတာပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က ပြောပါတယ်။ Russia အရာရှိ ၅ ဦးဟာ Russia တရားဥပဒေစိုးမိုးရေးရဲ့ စနစ်ရဲ့ ဖိနှိပ်အုပ်ချုပ် စနစ်မှာ ပါဝင်ကြသူတွေဖြစ်သလို တဦးချင်းစီကလည်းဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်တယ်လို့ Mr. Kirby က ပြောပါတယ်။

အဲဒီထဲမှာ ပါဝင်တဲ့ Alexander Bastrykin ကတော့ Russia အစိုးရရဲ့ ထိပ်တန်းစုံစမ်းစစ်ဆေးရေးမှူးလို့ ယူဆရပြီး အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ဦးဆောင်နှိမ်နင်းသူ ဖြစ်ပါတယ်။ Russia အစိုးရကို ဝေဖန်တဲ့ Russia သူလျှို Alexander Litvinenko ကို ၂၀၀၆ ခုနှစ်မှာ အဆိပ်ခတ်သတ်တယ်လို့ မသင်္ကာအဖြစ်ခံရဆုံး Andrei Lugovoi နဲ့ Dmitri Kovtun တို့လည်း အရေးယူခံရသူတွေထဲ ပါဝင်တယ်ပါ။

အခုထိဆိုရင် အမေရိကန်ပြည်ထောင်စုကို ဝင်ခွင့်မပေးပဲ အမေရိကန်ပြည်ထောင်စု ထဲက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခံထားရသူ ၄၄ ဦးပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သူတို့နဲ့ စီးပွားရေး လုပ်ခွင့် မရှိပါဘူး။

Magnitsky ဥပဒေကတော့ Russia က အဂတိလိုက်စားမှု ပပျောက်ရေးလုပ်ဆောင်ပြီး ထောင်ထဲမှာ နှိပ်စက်ခံပြီး သေဆုံးသွားရတဲ့ ရှေ့နေ Sergei Magnitsky ကို အကြောင်းပြု ပေါ်ပေါက်လာတဲ့ ဥပဒေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG