သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရှား ဖမ်းထားတဲ့ သူလျှိုတွေ ဖလှယ်ရေး စတင်


အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်းထားတဲ့ ရုရှားသူလျှိုတွေလို့ သံသယရှိသူ ၁၀ ယောက်ကို ဌာနေပြန်ပို့ဖို့ အမေရိကန်ပြည်ထောင်စု တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ရုရှားနဲ့ အမေရိကန်အကြား ဖမ်းဆီးထားတဲ့ သူလျှိုတွေ အပြန်အလှန် အလဲအလှယ်လုပ် လွှတ်ပေးနိုင်ဖွယ်ရှိတဲ့ အစီအစဉ် အစပျိုးလိုက်တာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရဘက်ကနေ စွဲဆိုရေးမှူးတွေရဲ့ အဆိုအရ ဒီ ၁၀ ယောက်ကို အပြစ်ရှိတယ်လို့ အမိန့်ချမှတ်ပြီးတဲ့နောက် ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ အနေနဲ့ တရားသူကြီး ကင်မ်ဘာ ဝုဒ် (Kimba Wood) က နယူးယောက်ခ်မြို့ ပြည်ထောင်စု တရားရုံးမှာ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီ ရုရှားသူလျှို ၁၀ ယောက်ကို အမေရိကန်က ပြန်လွှတ်ပေးတဲ့အတွက် ရုရှားဘက်ကလည်း အနောက်နိုင်ငံက ထောက်လှမ်းရေးတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုနဲ့ စွပ်စွဲပြီး သူတို့ထိန်းသိမ်းထားတဲ့ အမေရိကန်သူလျှိုလို့ သံသယရှိသူ ၄ ယောက်ကို ပြန်လွှတ်ပေးလိမ့်မယ်လို့ အမေရိကန် တရားရေးဌာန အရာရှိတွေက ပြောပါတယ်။ ဒီလူ ၄ ယောက်ဟာ ဘယ်သူတွေဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ သူတို့ထဲက ၃ ယောက်ဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ စွပ်စွဲခံထားရပြီး သူတို့ထဲက တချို့ဟာ ကျန်းမာရေး ချို့ယွင်းနေတဲ့အကြောင်း အမေရိကန် တရားရေးဌာန တာဝန်ခံတွေက ပြောပါတယ်။

မနေ့ အစောပိုင်းကတော့ ရုရှား နျူကလီးယား သိပ္ပံပညာရှင် ဆုယားဂင် (Sutyagin) ကို မော်စကိုထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီး အခု ဗီယာနာ နိုင်ငံကနေတဆင့် လန်ဒန်မြို့ကို ရောက်ရှိနေပါပြီ။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ (CIA) အတွက် အလုပ်လုပ်ပေးနေတဲ့ ဗြိတိန်ကုမ္ပဏီထံကို ရုရှားကနေ ထောက်လှမ်းရေး သတင်းတွေ ပေးပို့မှုနဲ့ စွပ်စွဲခံရပြီး ဆုယားဂင် ထောင်ကျနေခဲ့တာပါ။ သူ့ရဲ့ မိသားစုကတော့ သူ့အပေါ် စွပ်စွဲချက်တွေ မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG