သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အရေး ဆုံးဖြတ်ချက် မူကြမ်း ကန်-ရုရှားသဘောတူ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှနိုင်ငံခြားရေးဝန်ကြီး Genevaတွင် ဆီးရီးယားအရေး တွေ့ဆုံစဉ်။ (September 14, 2013)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှနိုင်ငံခြားရေးဝန်ကြီး Genevaတွင် ဆီးရီးယားအရေး တွေ့ဆုံစဉ်။ (September 14, 2013)
ဆီးရီးယား အစိုးရ အနေနဲ့ ဓာတု လက်နက် စွန့်လွှတ်ရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းပေါ်မှာ အမေရိကန် နဲ့ ရုရှားတို့ သဘောတူညီမှု ရခဲ့ပြီလို့ အမေရိကန် သံအမတ် Samantha Power က ပြောဆိုလိုက်ပါတယ်။ ဒီမူကြမ်းမှာ ဆိုရင် ဆီးရီးယားရဲ့ ဓာတု လက်နက်တွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုထားကြောင်း သံအမတ်ကြီး Power က ဆိုပါတယ်။

ဓာတု လက်နက်တွေကို ဆီးရီးယား အနေနဲ့ ဖျက်သိမ်းဖို့ ဥပဒေ အရ တာဝန်ရှိစေရမယ်လို့လည်း ဆိုပါတယ်။ ဒီမူကြမ်းပေါ်မှာ အရေးပေါ် တံခါးပိတ် အစည်းအဝေးကို ကြာသပတေးနေ့ ညပိုင်းမှာ ကျင်းပဖို့လည်း လုံခြုံရေး ကောင်စီက စီစဉ်ထားပါတယ်။ ဒါပေမယ့် မဲခွဲမှုကတော့ ဒီချိန်မှာ ဖြစ်မယ့်ပုံ မရှိဘူးလို့ သံတမန်တွေက ပြောပါတယ်။ မူကြမ်းထဲက အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ကြာသပတေးနေ့ အစောပိုင်း တုန်းကတော့ စာထဲမှာ ဆီးရီးယား အနေနဲ့ သူလုပ်ဆောင်ရမှာတွေကို ပျက်ကွက်ခဲ့လို့ရှိရင် ဒဏ်ခတ်ပိတ်ပင်မှုတွေ ဒါမှမဟုတ်လည်း စစ်ရေးအရ အရေးယူမှု ဖြစ်နိုင်ချေတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကတော့ အမေရိကန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေက ဆီးရီးယား သမ္မတ ဘာရှာလ်အယ်အာဆတ် ကို နိုင်ငံတကာ ထိန်းချုပ်မှု အောက်မှာ သူ့ရဲ့ ဓာတုလက်နက်တွေ ဖျက်သိမ်းဖို့ ဆိုတဲ့ ရုရှားရဲ့ အဆိုပြုချက်ကို လက်ခံလာစေဖို့ ဖိအားပေးခဲ့တယ်လို့လည်း ဒီလ အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်
XS
SM
MD
LG