သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု တနှစ်သက်တမ်းတိုး


မြန်မာအပေါ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု တနှစ်သက်တမ်းတိုး
မြန်မာအပေါ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု တနှစ်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေအပေါ် အကြီးအကျယ် ဖိနှိပ်နေတာနဲ့ ပတ်သက်ပြီး အစိုးရက ပြုပြင်ပြောင်းလဲလာတာ မတွေ့ရသေးတဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က စီးပွားရေး ပိတ်ဆို့မှုကို နောက်ထပ်တနှစ် သက်တမ်းထပ်တိုးလိုက်တယ်လို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရနဲ့ သဘောထား မတိုက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အပေါ် ဆက်လက် နှိပ်ကွပ်နေတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို သာမန်ထက်ပိုတဲ့ ထူးထူးကဲကဲ အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုကို အခုလို နောက်ထပ်တနှစ် သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကို အိမ်ဖြူတော်က တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန်လိုက်တာပါ။

အခုအမိန့်မှာ ပါရှိတဲ့ စကားလုံး အသုံးအနှုံးတွေဟာ အရင်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု သက်တမ်းတိုးစဉ်က အသုံးအနှုံးတွေနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကို လွှတ်ပေးဖို့ မနေ့က ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး မဆိုသလောက် အကန့်အသတ်နဲ့ ထောင်ဒဏ် လျှော့ပေါ့ပေးတာဟာ စိတ်ပျက်စရာ တုံ့ပြန်မှု ဖြစ်တာကြောင့် နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးပေးပါရန် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ သေဒဏ်ကနေ တသက်တကျွန်း၊ ထောင်ဒဏ်တွေကို ပုံမှန်လျှော့ရက်နဲ့ ပေါင်းပြီး တနှစ် လျှော့ပေးတာဟာ မတရား နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုအတွက် အကျိုးမရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးဉာဏ်ဝင်းက သုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) အတွက်ကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG