မြန်မာစစ်အစိုးရအပေါ် အမေရိကန်က စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို လျစ်လျူရှုပြီး ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ လုပ်ပေးနေခဲ့တဲ့ နိုင်ငံတကာ ဘဏ်တွေ အခုအခါ လုပ်ငန်းတွေကို တဖြည်းဖြည်း ရပ်ဆိုင်းလာကြပါပြီ။ အမေရိကန်ရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ပေးတဲ့အတွက် နိုင်ငံတကာက ဘဏ်လုပ်ငန်းတချို့ တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်ရတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို၊ ဒီလို ဆောင်ရွက်နေတာတွေကို ရပ်တော့မယ်လို့ ပြောဆိုသံတွေလည်း ထွက်ပေါ်လာနေတဲ့ အကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေကနေ ငွေကြေးလွှဲပြောင်းတာမျိုးလို့ ဝန်ဆောင်မှုလုပ်ငန်းတွေကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု ဥပဒေတွေအရ တားမြစ်ထားတာမို့ ဒါတွေကို ရှောင်ရှားတာ၊ ဖုံးကွယ်တာတွေလုပ်ပြီး ဆောင်ရွက်ရတာတွေ ရှိခဲ့ပါတယ်။ ဒီအတွက်လည်း ဗြိတိန်နိုင်ငံက နာမည်ကျော် Barclays ဘဏ်ဟာ ဆိုရင်လည်း သြဂုတ်လထဲမှာပဲ အမေရိကန် ပြည်ထောင်စုကို ဒေါ်လာငွေ သန်း ၃၀၀ နီးပါး ဒဏ်ငွေပေးပြီး ကျေအေးလိုက်ရတဲ့ အထိပါ။ တောင်ကိုရီးယား နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ် (KEB) ကလည်း ဒေါ်လာငွေကြေး လွှဲပြောင်းမှုတွေ လုပ်မပေးတော့ဘူးဆိုပြီး မကြာသေးခင်ကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာတွေကို လက်တွေ့ကျင့်သုံးလာတဲ့ အရိပ်လက္ခဏာတွေ အခုအခါ ပိုမိုမြင်တွေ့လာနေရတယ်လို့ ပြည်ပပို့ကုန် သွင်းကုန် လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပြပါတယ်။
“စင်္ကာပူမှာလည်း အဲဒီလို မြန်မာနိုင်ငံသားတွေပိုင်တဲ့ စင်္ကာပူ ကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီတွေကို အခု KEB နဲ့ ပတ်သက် သလိုပဲ၊ နောက်ထပ် ကုမ္ပဏီအသစ် မဖွင့်ခိုင်းတာတို့၊ နောက်ပိုင်း ဒေါ်လာ အရွှေ့အပြောင်းတွေကိုလည်း ထိန်းချုပ်မယ်လို့ ပြောတာတွေ ရှိလာတယ်။ အသံတွေ ထွက်လာတယ်၊ ဖိအားနည်းနည်း ပေးတဲ့သဘောဖြစ်လာတယ်။ တောင်ကိုရီးယားကို ဖိအားပေးတာကတော့လည်း ရှင်းတယ်လေ မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ ဆက်ဆံရေးက အရမ်းကောင်းနေတော့ စိုးရိမ် ကြတာပေါ့။ ဒီလို စိုးရိမ်တဲ့အတွက် ငွေရေးကြေးရေး ထွက်ပေါက်တွေကိုပါ အမေရိကန်က အရင်ထက်စာရင် ပိုပြီးတော့ မှန်ဘီလူးနဲ့ ကြည့်တာပေါ့။ KEB ဘဏ်က အဲဒါကြောင့် မလုပ်ပေးနိုင်တော့တာ။”
လူ့အခွင့်အရေး မှတ်တမ်းတွေ၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကို ၁၉၉၇ ခုနှစ် သမ္မတဟောင်း ဘေလ် ကလင်တန် လက်ထက်မှာ စတင်ပြဋ္ဌာန်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အသစ်တွေ မလုပ်ဖို့ တားမြစ်ခဲ့တာပါ။ ၆ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာတော့ ဒီထက်ပိုပြီး တင်းကျပ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး အက်ဥပဒေတရပ်ကို ထပ်မံချမှတ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေး လုပ်ငန်းတွေ ဆောင်ရွက်မပေးကြဖို့ တားမြစ်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေတွေအရ ဘဏ္ဍာငွေကြေး လုပ်ငန်းတွေကို တဖြည်းဖြည်း တင်းကြပ်လာတာမို့ ကြားခံအဖြစ် နိုင်ငံတကာ ဘဏ်လုပ်ငန်းကြီးတွေကတဆင့် ဆောင်ရွက်လာရာက အခုအခါမှာတော့ အာရှတလွှားက ဘဏ်တွေကို ကြားခံဆောင်ရွက်ပေးဖို့ အားထား လာနေကြရတဲ့အထိ ဖြစ်လာနေရတယ်လို့လည်း မြန်မာနိုင်ငံက ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်ကဆိုပါတယ်။
“အရင်ဆိုရင် US ပိုင် ဘဏ်တွေပေါ့လေ၊ တကမ္ဘာလုံးမှာရှိတဲ့ ဘဏ်တွေနဲ့ မြန်မာပြည်မှာရှိတဲ့ ဘဏ်တွေ ကုန်သွယ်မှုက လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရတယ်၊ အဆင်လည်းပြေတယ်။ ဥပမာ ဆိုပါတော့ Standard Chartered တို့ J P Morgan တို့ဆိုရင် တိုက်ရိုက်လုပ်ကြတာပဲ ငွေပြောင်းငွေလွှဲကို။ ၂၀၀၃ ပိတ်ဆို့ဒဏ်ခတ်မှု နောက်မှာကျတော့ ဒီဘဏ်တွေက မြန်မာပြည်နဲ့ အလုပ်လုပ်လို့ မရတော့ဘူးလေ။ မရတဲ့အခါကျတော့ ကြားထဲမှာ စင်္ကာပူမှာရှိတဲ့ United Overseas ဘဏ်ရယ်၊ Development Bank of Singapore ရယ်၊ OCBC ဘဏ်ရယ် အဲဒါတွေက မြန်မာပြည်က ကုန်သည်တွေအတွက် အဓိက အားထားရတယ် ပြောရမှာပေါ့။ မြန်မာပြည်ဘဏ်တွေနဲ့ ဒီဘဏ်တွေက ကြားခံတဆင့် အမေရိကန် ဒေါ်လာကို လွှဲပြောင်းပေးတာပေါ့။ ကျနော်တို့ မြန်မာပြည်မှာက အဓိကတင်ပို့တဲ့ ပဲတို့၊ သစ်တို့ဆိုရင် စင်္ကာပူဘဏ်တွေကပဲတဆင့် ဒေါ်လာနဲ့ အရောင်းအဝယ် လုပ်တာပဲ။ မြန်မာပြည်နဲ့က အိန္ဒိယကတောင်၊ အမေရိကန် ဒေါ်လာနဲ့ အလုပ်လုပ်လို့ မရလို့ ကြားခံ စင်္ကာပူဘဏ်တွေက ဆောင်ရွက်ပေးလို့ အဆင်ပြေနေတာလို့ ပြောရမှာပါ။”
ပိတ်ဆို့ဒဏ်ခတ်မှု ဥပဒေကို ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Barclays ဘဏ်ကို အမေရိကန် ပြည်ထောင်စုက တရားစွဲဆို ထားတာကိုတော့ သြဂုတ်လထဲမှာပဲ ဒေါ်လာ ၂၉၈ သန်းပေးပြီး ကျေအေးလိုက်တာ ဖြစ်ပါတယ်။ ဒီအရင်တုန်းကလည်း အလားတူ စွပ်စွဲချက်တွေ ရင်ဆိုင်ခဲ့ရတဲ့ Lloyds ဘဏ်က ဒေါ်လာသန်း ၃၅၀၊ Credit Suisse ဘဏ်က ဒေါ်လာ ၅၃၆ သန်းနဲ့ ABN Amro ဘဏ်က ဒေါ်လာသန်း ၅၀၀ အသီးသီးပေးပြီး ကျေအေးမှုတွေ ရယူခဲ့ကြရတာပါ။ ဒီလိုသတင်းတွေနဲ့အတူ အခုအခါ အာရှတလွှား နိုင်ငံတချို့မှာပါ ဒီလို အခြေအနေတွေကို ရှောင်ရှားလိုတဲ့ အရိပ်လက္ခဏာတွေကို မြင်တွေ့လာကြရပါတယ်။
တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ် (KEB) ဟာဆိုရင်လည်း အောက်တိုဘာလကနေစလို့ မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာငွေ လွဲှပြောင်းတာတွေ လုပ်မပေးတော့ဘူးဆိုပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။
“Korea Exchange ဘဏ်ပေါ့လေ (KEB) နဲ့ ပတ်သက်လို့ ကိုရီးယားနဲ့ မြန်မာကုန်သွယ်မှုလုပ်တဲ့ ကုမ္ပဏီတွေ ၄၀-၅၀ ကြားလောက် ခန့်မှန်းချေ ရှိပါတယ်။ ဒေါ်လာသန်းနဲ့ တနှစ်ကို ရာဂဏန်းသာသာ ရှိတာပေါ့လေ။ ဒါပေမဲ့ အခုဘယ်လို ဖြစ်လဲဆိုတော့ KEB ဘဏ်က ဒါတွေကို တာဝန်ယူပြီး လုပ်မပေးနိုင်တဲ့ အခါကျတော့၊ ကျနော်တို့လည်း ဒီကြားထဲမှာ မြန်မာပြည် အစိုးရက သတ်မှတ်ပေးထားတာကတော့ ယူရိုငွေနဲ့ လုပ်လို့ရပါတယ်။ KEB ဘဏ်ကလည်း ယူရိုငွေနဲ့ ပြောင်းပြီးတော့ တာဝန်ယူ လုပ်ပေးနိုင်မယ်လို့ စက်တင်ဘာကုန်ပြီး နောက်ပိုင်းမှာ ပြောတဲ့အခါကျတော့ အခုလောလောဆယ် ယူရိုငွေနဲ့ လုပ်ဖို့တော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ယူရိုငွေကလည်း ဒီနှစ်မှာ ဥရောပ ငွေရေးကြေးရေး အခက်အခဲတွေ ဂရိမှာဖြစ်လိုက်တဲ့ အခါကြတော့ ယူရိုငွေ တန်ဘိုးကျသွားလိုက်တာ အခုရက်ပိုင်းအထိ မတည်မငြိမ်ဖြစ်နေတော့ ယူရိုငွေနဲ့ အရောင်းအဝယ် လုပ်ဖို့ကလည်း တော်တော်ကို ချိန်ဆပြီး လုပ်ရမယ့် အပိုင်းတွေ ဖြစ်နေတော့ လောလောဆယ် အကုန်လုံး အခက်အခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။”
လန်ဒန်အခြေစိုက် Economist အပတ်စဉ်မဂ္ဂဇင်းရဲ့ သုတေသနဌာနဖြစ်တဲ့ Economist Intelligence Unit က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ စီးပွားရေး ခန့်မှန်းချက်မှာတော့ နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုတွေ၊ ရင်းနှီးမြုပ်နှံမှု အားနည်းနေတာတွေနဲ့ ကမ္ဘာတဝန်းစီးပွားရေး ကျဆင်းမှု အခြေအနေတွေကြောင့် ၂၀၁၀-၂၀၁၁ ခုအတွက် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး အလားအလာတွေဟာ အားနည်းမယ်လို့ ခန့်မှန်းထားပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက ဝင်ငွေတွေ ရနေတာမို့ ဒီနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှု ပမာဏဟာ ၃ ဒဿမ ၁ ရာခိုင်နှုန်းရှိပြီး၊ ရှေ့နှစ် ၂၀၁၁ ခုနှစ်မှာတော့ ၄ ရာခိုင်နှုန်းအထိ တက်လာနိုင်ဖွယ် ရှိပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး တခုလုံး အနေနဲ့ကတော့ အားနည်းနေဆဲပဲ ရှိမယ်လို့ ကြိုတင်ဟောကိန်း ထုတ်ထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။