သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့စာရင်းဝင်သူပိုင်ဟိုတယ် ဝန်ကြီး Kerry တည်းခိုမှု နိုင်ငံခြားရေးဌာနဖြေရှင်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံမှာ တညတာ ရှိခဲ့စဉ်အတွင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခံရသူတဦး ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခိုခဲ့တဲ့ကိစ္စဟာ မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲအတွင်း အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Kerry အဲဒီဟိုတယ်မှာ တည်းခိုခဲ့တာဟာ အမေရိကန်ဥပဒေ တစုံတရာ ချိုးဖောက်မှု မရှိဘူးလို့ နိုင်ငံခြားရေးဌာနက ခုခံ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးခွန်း တော်တော်များများကိုတော့ အသေအချာ မဖြေနိုင်ခဲ့ဘဲ အတည်ပြုချက်ယူပြီးမှ ပြန်ဖြေနိုင်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အာဆီယံဒေသတွင်း အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အမေရိကန်က ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ခံထားရတဲ့ Max Myanmar ဦးဇော်ဇော်ပိုင်တဲ့ Lake Garden ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် ဒီအပေါ်မှာ သတင်းသမားတွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ ဒီဟိုတယ်တည်းခိုဖို့ စီစဉ်တာဟာ အာဆီယံအစည်းအဝေးတွေကို ကြီးကြပ်ဆောင်ရွက်နေတဲ့ မြန်မာအာဏာပိုင်တွေက စီစဉ်တာဖြစ်တယ်လို့ ဆိုသလို၊ ဒီကိစ္စဟာ အမေရိကန်ဥပဒေကို ချိုးဖောက်တာမျိုး မရှိခဲ့ပါဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf က တုံ့ပြန်ခဲ့ပါတယ်။

“ဟိုတယ်ကတော့ ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းထဲ မပါပါဘူး။ ဒါပေမဲ့ အဲဒီပိုင်ရှင်ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ IEEPA ခေါ်တဲ့ အမေရိကန် ဥပဒေအရဆိုရင်တော့ အဲဒီအထဲမှာ ဟိုတယ်တည်းခိုတာ အပါအဝင် ခရီးသွားလာမှုနဲ့ဆိုင်ရာ ကိစ္စရပ်တွေမှာ ကင်းလွတ်ခွင့် ပေးတာမျိုး ရှိပါတယ်။ ဒီကင်းလွတ်ခွင့်ဟာ အမေရိကန် နိုင်ငံသားတွေ၊ စီးပွားရေးသမားတွေရော အမေရိကန်အစိုးရ တာဝန်ရှိသူတွေပါ အကျုံးဝင်ပါတယ်။ ဒီအတွက် ကျမသိသလောက်တော့ အဲဒီဟိုတယ်မှာ ဘယ်လိုဖြစ်ဖြစ် တည်းခိုနိုင်ပါတယ်။ ဒါပေမဲ့ သူနဲ့ စီးပွားရေးလုပ်ငန်း ပတ်သက်ဆက်နွယ်လို့ မရပါဘူး။”

ဒါပေမဲ့လည်း ဦးဇော်ဇော်ရော Max Myanmar ကုမ္ပဏီကိုပါ အရေးယူ ဒဏ်ခတ်စာရင်းထဲမှာ ထည့်ထားတာကြောင့်၊ ဒီဟိုတယ်ရဲ့ အကျိုးအမြတ်တွေကို ဟိုတယ်ပိုင်ရှင်ဖြစ်သူကပဲ ရရှိမှာဖြစ်တယ်လို့ သတင်းထောက်တွေဘက်က ပြန်ငြင်းချက်ထုတ် မေးကြပါတယ်။ အရေးယူ ပိတ်ဆိုခံထားရတဲ့ လူတဦးပိုင်ဆိုင်တဲ့ ဟိုတယ်မှာ နိုင်ငံခြားရေးဝန်ကြီး တည်းခိုခဲ့တာကြောင့် အမြင်မှားစရာ မရှိနိုင်ဘူးလားလို့လည်း မေးခွန်းထုတ်ကြပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf ကတော့ ဒီမေးခွန်းတွေကို အသေအချာတော့ မဖြေခဲ့ဘဲ၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအနေနဲ့ မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုတွေအပေါ်မှာ အလေးအနက် ရှိတယ်ဆိုတာကိုပဲ သွယ်ဝိုက် ဖြေဆိုသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ဒဏ်ခတ်မှု လုပ်ထားတဲ့အပေါ်မှာ ကျမတို့ဘက်က အတော်လေးကို အလေးအနက် ရှိတယ်ဆိုတာ ရှင်းပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ပြောဆိုဆွေးနွေးတာတွေ လုပ်ပါတယ်။ ဒီလို အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့ဆိုရင်တော့ မြန်မာဘက်က လုပ်စရာ နောက်ထပ် ခြေလှမ်းတွေ လုပ်ရမယ်ဆိုတာကို ကျမတို့ အသေအချာ အသိပေးထားပါတယ်။”

ကင်းလွတ်ခွင့်အရ ဒီလိုဟိုတယ်မှာ တည်းခိုနိုင်တယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း မပတ်သက်ရဘူးလို့ ဆိုပေမဲ့၊ အခု နိုင်ငံခြားရေးဝန်ကြီး ဒီဟိုတယ်မှာ တည်းခိုခဲ့တဲ့အပေါ် အခကြေးငွေ ပေးရ မပေးရ သတင်းထောက်တွေ ဝိုင်းမေးပါတယ်။ ပြောခွင့်ရသူကတော့ ပေးနိုင်ရချေရှိတယ်လို့ပဲ မတင်မကျ ဖြေသွားပါတယ်။ အခုလို အခြေအနေမှာပဲ အမေရိကန်ပြည်ထောင်စု စီးပွားရေး လုပ်ငန်းရှင်တွေကလည်း မြန်မာပြည်မှာ လုပ်ငန်းအချို့လုပ်ဖို့ စိတ်ဝင်စားနေကြတာကြောင့် အရေးယူ ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ တိကျရှင်းလင်းတဲ့ ညွှန်ကြားမှုတွေ ရှိလားဆိုတာလည်း သတင်းထောက်တွေအကြား မေးခွန်းဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Maire Harf ကတော့ အရေးယူမှု အသစ်တိုင်းအတွက် ရှင်းလင်းချက်တွေကို ဘဏ္ဍာရေးဌာနက အသေအချာ ထုတ်ပြန်ထားတယ်လို့ ဖြေပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု ဥပဒေထားရုံတင် မဟုတ်ပါဘူး။ ဘယ်လို လက်တွေ့ကျင့်သုံးရမလဲ ဆိုတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားပါတယ်။ အထူးသဖြင့်တော့ ဘဏ္ဍာရေးဝန်ကြီးဌာန OFAC ရုံးကနေ အရေးယူမှု အသစ်လုပ်တိုင်း ဘာလုပ်ရမယ်၊ ဘာကို ရှောင်ရမယ်ဆိုတဲ့ ရှင်းလင်းချက်တွေကို အတော့်ကို ရှည်ရှည် ထုတ်ပြန်ထားပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီဟိုတယ်မှာ မတည်းခိုခင်မှာ အရေးယူ ဒဏ်ခတ်မှု စာရင်းမှာပါသူတဦး ပိုင်ဆိုင်တဲ့ဟိုတယ်ဖြစ်ကြောင်း ကြိုသိ မသိကိုလည်း သတင်းထောက်တွေက မေးပါတယ်။ ကြိုသိခဲ့ရင်လည်း ဟိုတယ်ပြောင်းဖို့အတွက် တောင်းခံမှု ရှိ မရှိ မေးပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အမျိုးသမီးကတော့ ဒီမေးခွန်းတွေကို အတိအကျ မဖြေနိုင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း အိုဘားမားအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေကို အလေးအနက်ထားကြောင်း၊ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်တိုင်းမှာ ဒီကိစ္စကို ပြောဆိုတဲ့အကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး အဲဒီဟိုတယ်မှာ တညလောက်တည်းခိုခဲ့တာထက် ဒီလို ဆွေးနွေးပြောဆိုမှုတွေဟာ ပိုပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်ဆိုတာကိုပဲ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကာကွယ် ပြောဆိုသွားပါတယ်။

XS
SM
MD
LG