သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင်လေးဦးအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ အတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို အင်္ဂါနေ့ ဇူလိုင်လ ၁၆ ရက်နေ့က ချမှတ်လိုက်ပါပြီ။ ဒီဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေလည်း ပါဝင်နေပါတယ်။

အခု ဒဏ်ခတ်အရေးယူခံရတဲ့ ပုဂ္ဂိုလ်လေးဦးကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ ဖြစ်ကြပါတယ်။

အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အပိုဒ် ၇၀၃၁၊ (ဂ)၊ ၂၀၁၉ ခုနှစ်၊ အမေရိကန် နိုင်ငံခြား ရေး ဌာနရဲ့ နိုင်ငံခြားလုပ်ငန်းစဉ်များနဲ့တခြားဆက်စပ်နေတဲ့ အစီအစဉ်ဆိုင်ရာဥပဒေအရ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီ အက်ဥပဒေအရ နိုင်ငံခြားအစိုးရ အရာရှိများနဲ့ ပတ်သက်လို့ သိသာတဲ့အဂတိလိုက်စားမှု ဒါမှမဟုတ် ကြီးမားတဲ့လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန် မှုတွေမှာ ပါဝင်ပတ်သက်ကြောင်း ခိုင်လုံတဲ့ အချက်အလက် ရရှိထားရင် အဲဒီ ကျူးလွန်တဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိသားစုဝင်တွေဟာ အမေရိကန်နိုင်ငံအတွင်းကို လာရောက်ခွင့် ပိတ်ပင်တာဖြစ်ပါတယ်။ ဒီဥပဒေအရလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ ဒီကျူးလွန်တဲ့ အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို လူသိရှင်ကြား၊ ဒါမှမဟုတ် သီးခြား ထုတ်ပြန် ကြေညာပေးရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ပေါ်လစီတွေ ချမှတ်ရာမှာ အပြုအမူတွေ ပြောင်းလဲ ဖို့နဲ့ တာဝန်ခံမှု၊ တာဝန်ရှိမှုကို ထောက်ခံအားပေးဖို့ ဦးစာ းပေးတာ ဖြစ်ပါတယ်။ အခုလို အရေးယူဆောင်ရွက်မှုဟာ ဒီဦးတည်ချက်တွေကို ပေါက်မြောက်အောင်မြင်စေဖို့ ရည်ရွယ် တယ်လို့လည်း နိုင်ငံခြားရေးဌာနအနေနဲ့ ယုံကြည်ထားပါတယ်။ ဒီကြေညာချက်ဟာ မြန်မာစစ်တပ်ရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်ပိုင်းအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ ပထမဦးဆုံး လူသိရှင်ကြား အရေးယူဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

အခုလို ဒီပုဂ္ဂိုလ်တွေအပေါ် အရေးယူဖို့ ထုတ်ပြန်ကြေညာရခြင်းဟာ ကြီးမားတဲ့ လူ့အခွင့် အရေး ကျူးလွန်ချိုးဖောက်မှုတွေမှာ ဒီတပ်မှူးတွေ ပါဝင်ကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားအပေါ် အခြေခံတာ ဖြစ်ပါတယ်။ နိုင်ငံတဝှန်း မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုး ဖောက်ကျူးလွန်မှုတွေဖြစ်ပေါ်နေကြောင်း သတင်းတွေထွက်ပေါ်နေပြီး လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူ တွေကို အရေးယူဖို့ မြန်မာအစိုးရက ပျက်ကွက်နေတာနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံခြားရေးဌာနအနေနဲ့ စိုးရိမ်မကင်း ဖြစ်လျှက် ရှိပါတယ်။

မြန်မာစစ်တပ်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တာဝန်ယူမှု မရှိတဲ့ ဆိုးဝါးလှတဲ့ ဥပမာ တခု ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုအတွင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခဲ့မှုတွေအတွက် ပြစ်မှုထင်ရှားတွေ့ရှိတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြာခင်က ချမှတ်ခဲ့တဲ့ အမိန့်ပဲ ဖြစ်ပါတယ်။

တပ်မတော် ဦးစီးချုပ်ဟာ ဒီပြစ်မှု ကျူးလွန်သူတွေကို အကျဉ်းထောင်တွေထဲမှာ လ အနည်း ငယ်သာ ချထားခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ပေမယ့် အင်းဒင်ကျေးရွာ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာကို အသိပေးခဲ့တဲ့ သတင်းထောက်တွေကိုတော့ ရက်ပေါင်း ၅၀၀ ကျော် ဖမ်းဆီးထားခဲ့တာ ဖြစ်တယ်လို့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြဌာန်းထားတဲ့ Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိ သူတွေ ကို အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေဖြစ်တဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် ကြီးကြပ်ကွပ်ကဲခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်နဲ့ ခြေမြန်တပ်မ ၉၉ နဲ့ ၃၃ တို့ကို အမေရိကန်အစိုးရက ၂၀၁၈ ခုနှစ် သြဂုတ်လက ပိတ်ဆို့ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

အလားတူ အမေရိကန်လွှတ်တော်နှစ်ရပ်ကလည်း မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေ တိုးပြီးချမှတ်ဖို့ အရေးယူဆောင်ရွက်လျှက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG