သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လက်နက် ဒေါ်လာ သန်း ၆သောင်း ဖိုး ဆော်ဒီကို ရောင်းမည်


အမေရိကန်လက်နက် ဒေါ်လာ သန်း ၆သောင်း ဖိုး ဆော်ဒီကို ရောင်းမည်

အမေရိကန်ဒေါ်လာ သန်း ၆၀,၀၀၀ တန်ဖိုးရှိတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ တခြား လက်နက်တွေကို ဆော်ဒီအာရေးဗီးယား နိုင်ငံကို ရောင်းဖို့ သဘောတူညီခဲ့သလို ဒါဟာ အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်ရောင်းချမှု ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

အခု သဘောတူခဲ့တဲ့အတိုင်း လာမယ့် ၁၅ နှစ်နဲ့ နှစ် ၂၀ အတွင်း ဒီပစ္စည်းတွေကို ရောင်းချသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတဦးဖြစ်တဲ့ အန်ဒရူး ရှာပီယို (Andrew Shapiro) က ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံဖြစ်တဲ့ ဆော်ဒီနိုင်ငံကို F-15 ဂျက်တိုက်လေယာဉ် အသစ် ၈၄ စင်းနဲ့ အသုံးပြုပြီးသား အဆင့်မြင့် ဂျက်လေယာဉ် အစင်း ၇၀ ရောင်းချပေးဖို့ ဆော်ဒီနိုင်ငံကပဲ အမေရိကန်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခု သဘောတူညီချက်မှာ Apaches, Blackhawks နဲ့ Little Birds ဂျက်တိုက်လေယာဉ် စုစုပေါင်း ၁၇၈ စင်း ရောင်းချဖို့ ပါဝင်သလို ခေတ်မီ ဒုံးကျည်တွေ၊ ဆက်စပ်ဗုံးတွေ၊ ရေဒါနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ရောင်းချဖို့ ပါဝင်ပါတယ်။

အခု လက်နက်ရောင်းချမှုက ပါရှမ်းပင်လယ်ကွေ့ ဒေသမှာ အမေရိကန်ရဲ့ အခုထက်ပိုပြီး ကျယ်ပြန့်တဲ့ လုံခြုံရေး ရည်မှန်းချက်တွေကို ကူညီထောက်ပံ့ရာ ရောက်တယ်လို့ မစ္စတာ ရှာပီယိုက ပြောပါတယ်။

တချိန်တည်းမှာလည်း ဆော်ဒီနိုင်ငံအတွက် သူတို့ရဲ့ တရားဝင် လုံခြုံရေး လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးရာ ရောက်တယ်လို့ ဆိုပါတယ်။

အခုရောင်းချမှုက အီရန်ရဲ့ စစ်ရေးတိုးချဲ့မှုကို ဟန့်တားရာလည်း ရောက်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အီရန်က ကြိုးစားနေတယ်လို့ အနောက် အင်အားကြီး နိုင်ငံတွေက စွပ်စွဲထားတာပါ။ အီရန်ကတော့ သူ့ရဲ့ နျူကလီးယား လုပ်ငန်းတွေဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG