သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန်က ဆော်ဒီလေကြောင်း တိုက်ခိုက်မှု ယာယီ ရပ်မည်


ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်အဖွဲ့။ (ဇန်နဝါရီ-၂-၁၅)
ယီမင်နိုင်ငံတွင်းက ဟူသီသူပုန်အဖွဲ့။ (ဇန်နဝါရီ-၂-၁၅)

ဆော်ဒီအာရေဗျနဲ့ အမေရိကန် အရာရှိတွေဟာ ယီမင်နိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ရှီယာ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်သောင်းချီတဲ့လူတွေ ယီမင်နိုင်ငံကနေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေ ပေးပို့နိုင်ဖို့အတွက် ယီမင်မှာ ၅ ရက်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးစားနေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubier တို့က ဒီကနေ့ Riyadh မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ယီမင်နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ ယီမင်အတွက် ငြိမ်းချမ်းတဲ့လမ်းကို ရှာဖို့ ပေါ်လာတဲ့ ဒီအဓိကအခွင့်အလန်း မဆုံးရှုံးအောင် ဟူသီတွေနဲ့ သူတို့ကို ပံ့ပိုးပေးနေသူတွေဘက်က သူတို့ရဲ့သြဇာကို အပြည့်သုံးလုပ်ဆောင်ဖို့ အထူးတိုက်တွန်းတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

ဒီအပစ်အခတ်ရပ်စဲမှုကို အီရန်ထောက်ပံ့မှုပေးနေတယ်လို့ ယုံကြည်ရတဲ့ ဟူသီတွေဘက်က သဘောတူမတူသိနိုင်ဖို့တော့ အခု လောလောဆယ်မှာ ဟူသီတွေနဲ့ အဆက်အသွယ်မ ရသေးဘူးလို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် သူတို့ဘက်က ဒီအပစ်အခတ်ရပ်နားမှုနဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို လာမယ့် ရက်ပိုင်း အတွင်း ကြေညာဖို့ ရှိသလို ဟူသီတွေ ဘက်ကလည်း ယီမင်နိုင်ငံသားတွေအတွက် စဉ်းစား မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

ဒီသီတင်းပါတ် အစောပိုင်းတုန်းက ယီမင်နိုင်ငံမှာ နိုင်ငံတကာမြေပြင်တပ်တွေ အမြန်ချထားပေးဖို့ ကုလသမဂ္ဂရဲ့ ယီမင်ဆိုင်ရာ သံအမတ်ကြီးက လုံခြုံရေးကောင်စီ ကို တိုက်တွန်းစာ ပေးပို့ခဲ့ပါတယ်။ ဒီပန်ကြားချက်နဲ့ ပါတ်သက်ပြီး အမေရိကန်ကရော ဆော်ဒီအာရေဗျကပါ မြေပြင်တပ်တွေ စေလွှတ်ရေး မဆွေးနွေးခဲ့ဘူးလို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

XS
SM
MD
LG