သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား လက်နက် မြန်မာ ဝယ်ဆဲလို့ ကန်ပြော


မြောက်ကိုရီးယားစစ်တပ် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာစဉ်။
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခပ်ကင်းကင်း ထားနေပါတယ်လို့ ဆိုပေမဲ့ မြောက်ကိုရီးယားနိုင်ငံကနေ စစ်သုံးလက်နက် ပစ္စည်းတွေကို ၀ယ်ယူနေတုန်းပဲလို့ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို သုံးသပ်ရေးသားထားတဲ့ အမေရိကန် အစီရင်ခံစာတစောင်က ဆိုပါတယ်။ သုံးသပ်သူတချို့ကတော့ အရင် အစိုးရ လက်ထက်က ရှိခဲ့တဲ့ သဘောတူညီချက်တွေရဲ့ နောက်ဆက်တွဲ မပြီးပြတ်သေးတဲ့ လက်နက်ဝယ်ယူမှုတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို တင်သွင်းခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဌာနရဲ့ မြောက်ကိုရီးယား စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေး လှုပ်ရှားမှုတွေနဲ့ ကမ္ဘာတ၀ှမ်း စစ်လက်နက်ပစ္စည်း ကုန်သွယ်မှုတွေကို ဖော်ပြ ထားသလို၊ဒီအထဲမှာ မြန်မာနိုင်ငံက မြောက်ကိုရီးယား ထံကနေ စစ်လက်နက်ပစ္စည်း ၀ယ်ယူမှုတွေ ဆက် ရှိနေသေးတဲ့ အကြောင်း ကို ရေးသားထားတာပါ။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေကစလို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်လာနေတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားနေချိန်မှာ စစ်ရေးအရ ဆက်ဆံမှုတွေ ရှိခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကတော့ ခပ်ကင်းကင်း ဖြစ်နေပါပြီလို့ ဆိုပေမဲ့ စစ်လက်နက် ပစ္စည်း ရောင်းဝယ်မှုတွေက ဆက် ရှိနေတယ်လို့ အစီရင်ခံစာ ထောက်ပြ ထားတာပါ။

၂၀၁၁ ခုနှစ်က စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာတယ်လို့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစီး မြန်မာနိုင်ငံဘက် ဦးတည် သွားနေချိန်မှာ အမေရိကန်ရေတပ်က ကြားဝင် ဟန့်တားခဲ့တဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံကို လှည့်ပြန်ခဲ့ရတဲ့ ဖြစ်ရပ် ရှိခဲ့ကြောင်းလည်း ဒီအစီရင်ခံစာ ဖော်ပြပါတယ်။ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကတော့ အရင် အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအတိုင်း မပြီးပြတ်ဘဲ ကျန်နေတဲ့ ၀ယ်ယူမှုတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ ကျနော်တို့ အမေရိကားကို ၂၀၁၁ခုနှစ်ပေါ့လေ အစိုးရသစ်ပြောင်းတဲ့အခါမှာ လက်ရှိတော့ မရှိတော့ပါဘူး။ ဗိုလ်ချုပ်ကြီး သိန်းဌေး ကုလသမဂ္ဂ ကို ရောက်စဉ်မှာ သက်ဆိုင်ရာ အမေရိကန် တာဝန်ရှိသူတွေ နဲ့ တွေ့ခဲ့တာရှိပါတယ်။ အဲ့ဒီ့မှာ သူတို့ကိုယ်တိုင် ဝန်ခံထားတာတွေရှိပါတယ်။ တချို့ကိစ္စတွေမှာ သူတို့ မြောက်ကိုရီးယားကို ပိုက်ဆံပေးပြီးသားတွေရှိပါတယ်။ ပစ္စည်းတွေက သူတို့ဆက်တော့ မဝယ်တော့ဘူး။

ဒါပေမဲ့ အရင်တုန်းက လက်ကျန်ပစ္စည်းတွေကို ပို့တဲ့ဥစ္စာက အခုအချိန်အထိ မပြီးပြတ်သေးတဲ့အနေအထား ရှိတဲ့အတွက်ကြောင့်မို့လို့ သည်းညည်းခံပေးပါလို့ အလွတ်သဘောမျိုး ပြောသွားတဲ့အနေအထားမျိုး တော့ ကျနော် ကြားသိမိရပါတယ်။ ဒါကလဲ ကျနော်တို့ တချိန်တုန်းက နှစ်ပေါင်းများစွာ စစ်အစိုးရလက်ထက်မှာ မြောက်ကိုရီးယားဆီက လက်နက်ကို ကျနော်တို့ ဝယ်ယူရတယ်။ အဆောက်အဦးတွေ၊ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ မှာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းလုပ်ရတဲ့ကိစ္စတွေ က အများကြီး လုပ်ခဲ့ရတယ်။

နောက်ပိုင်း ၂၀၀၈ခုနှစ်မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့ သွားရောက်ပြီးတော့မှ အပြန်အလှန်သဘောတူညီချက် စာချုပ်တွေ ချုပ်ခဲ့ရတယ်။ ဒီကိစ္စတွေဟာ အခုအချိန်အထိ မပြီးပြတ်သေးပါဘူး။ လတ်စသတ်ဖို့တော့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကိစ္စ၊ ဝယ်ယူတဲ့ကိစ္စတွေမှာတော့ မပြီးပြတ်သေးဘူးလို့ ကျနော်မြင်ပါတယ်ခင်ဗျ။ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း မှာတော့ မြောက်ကိုရီးယားဆီက ဝယ်တာမရှိတော့ဘူးလို့ သိရပါတယ် အကြမ်းဖြင်း။ ”

ဝါရှင်တန် မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ပြောသွား တာဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ သဘောထား သိရအောင် မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေး အဆက်အသွယ်တွေ ဖြတ်တောက်သွားမယ့်အကြောင်း အမေရိကန်ကို ကတိပေးခဲ့တာ ဖြစ်သလို၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လည်း ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့စဉ်အတွင်း မြောက်ကိုရီးယားနဲ့ စစ်ရေးအရ အဆက်အဆံမရှိတော့တဲ့ အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရကြား စစ်ရေး ဆက်သွယ်မှုတွေ ရှိနေသေးတယ်လို့ ယူဆသူတွေ အများအပြား ရှိနေသေးသလို၊ အမေရိကန် အစိုးရကလည်း ပြီးခဲ့တဲ့နှစ်တုန်းက အဲဒီအချိန် မြန်မာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးရုံး အရာရှိချုပ် ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မ၀ယ်ယူဖို့ ကန့်သတ် ထားတဲ့ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး မြန်မာ စစ်တပ်အတွက် လက်နက်တွေ ၀ယ်ယူခဲ့တယ်ဆိုပြီး အရေးယူ ဒဏ်ခတ်ခဲ့ပါသေးတယ်။
XS
SM
MD
LG