သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသူပုန်တွေကို လက်နက်ကြီးတွေ ရုရှား ထောက်ပံ့


လုံခြုံရေးယူထားတဲ့ ယူကရိန်းတပ်။
လုံခြုံရေးယူထားတဲ့ ယူကရိန်းတပ်။
ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးသမားတွေအတွက် တင့်ကားတွေနဲ့ လက်နက်ကြီးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ လွန်ခဲ့တဲ့သုံးရက်ကပဲ ယူကရိန်းနယ်စပ်က Snizhne မြို့အနီးနယ်စပ်မှာ T-64 တင့်ကားသုံးစင်း၊ ဒုံးလက်နက်တွေနဲ့ အခြား စစ်ဖက်ယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်း ရုရှားဖက်က ဝင်ရောက်လာတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က သောကြာနေ့က ပြော ပါတယ်။ ဒါဟာ လက်ခံလို့ မရတဲ့ လုပ်ရပ်လို့လည်း ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း နေတိုး အတွင်းရေးမှုးချုပ် Anders Fogh Rasmussen က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေအနေနဲ့ တင့်ကားတွေနဲ့ သံချက်ကာကားတွေအပါအဝင် လက်နက်ကြီးတွေကို ရုရှားထံကနေ ရရှိတယ်ဆိုတာကို သောကြာနေ့က ကြေညာထားပါတယ်။ ဒီအခြေအနေဟာ ယူကရိန်းအရှေခြမ်းက အကြပ်အတည်းကို ပိုပြီး ဆိုးဝါးစေတယ်လို့ ဆိုပါတယ်။ ရုရှားဖက်ကတော့ သူတို့အနေနဲ့ယူကရိန်းပိုင်နက်ကို နောက်ထပ် ကျူးကျော်တာမျိုးတွေ မလုပ်ပါဘူးဆိုတာကိုတော့ အထပ်ထပ်ပြောနေတာပါ။

တချိန်တည်းမှာတော့ ယူကရိန်းနိုင်ငံ အရှေ့ခြမ်း donestk ဒေသက Mariupol ဆိပ်ကမ်းမြို့ကို ယူကရိန်းလုံခြုံရေးတပ်ကနေ ပြန်သိမ်းယူလိုက်ပြီလို့ ယူကရိန်းအစိုးရက သောကြာနေ့မှာ ကြေညာပါတယ်။ မြို့တော်ခမ်းမပေါ်မှာ ယူကရိန်းအလံကို ယူကရိန်းတပ်တွေက လွှင့်တင်လိုက်တယ် လို့ ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။

အစောပိုင်းတုန်းကတော့ လုံခြုံရေးတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲဒီမြို့ကို ဝိုင်းထားတာပါ။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကတော့ ဒီတိုက်ပွဲမှာ သူတို့ဖက်က ငါးဦးကျဆုံးတယ်လို့ ကြေညာပါတယ်။ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံတွေကို စစ်ဖက်တင့်ကားတွေ အပါအဝင် လက်နက်ကြီးတွေ တင်ဆောင်ယူလာတာကို ရုရှားဖက်က ခွင့်ပြုခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ကြာသာပတေးနေ့တုန်းက ရုရှားကို စွတ်စွဲအပြစ်တင်ခဲ့ပါတယ်။

အခုလို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေကို လက်ခံလို့မရဘူးဆိုတာကို ယူကရိန်းခေါင်းဆောင်က ရုရှားသမတ ဗလာဒီမီယာပူတင်ကို ဖုံးကတဆင့် ပြောခဲ့တယ်လို့လည်း သမတ Petro Poroshenko ရဲ့ပြောခွင့်ရသူက ပြောပါတယ်။ ယူကရိန်း အရှေ့တောင်ဖက်က အခုလို မငြိမ်သက်မှုတွေ ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ကို မစ္စတာ Poroshenko ဖက်က မစ္စတာပူတင်ကို ရှင်းပြခဲ့တယ်လို့ ရုရှားဖက်က ကြေညာပါတယ်။
XS
SM
MD
LG