သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန် တရုတ်ခရီးစဉ် စတင်


US Secretary of State Antony Blinken boards his plane for his trip to China and the UK from Joint Base Andrews, Maryland, June 16, 2023.

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံဆက်ဆံရေးမှာ သံတမန်ရေးအရ အဆက်အသွယ် မပြတ်ရှိနေဖို့ အရေးကြီးတယ်ဆိုတာ အဓိကဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တရုတ်နိုင်ငံကို သွားရောက်နေပါပြီ။

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးလို့ ယူဆရတဲ့ ဧရာမ မိုးပျံပူဖောင်းကြီးတခု အမေရိကန်ပိုင်နက်ထဲရောက်ရှိ ထောက်လှမ်းခဲ့ပုံရတဲ့ အဖြစ်အပျက် ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့ပြီးနောက် ရွှေ့ဆိုင်းထားတဲ့ခရီးစဉ် ဖြစ်ပါတယ်။ သမ္မတ Biden အစိုးရလက်ထက် တရုတ်နိုင်ငံကို ပထမဆုံးသွားတဲ့ အမေရိကန်အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်ပါတယ်။

ဝန်ကြီး Blinken ဘေဂျင်းမြို့တော်မှာ ဘယ်သူတွေနဲ့တွေ့ဆုံဖို့ ရှိသလဲဆိုတာ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်ထဲမှာ အတိအကျ ဖော်ပြမထားပေမဲ့ တရုတ်အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံဆက်ဆံရေးမှာ တာဝန်သိစွာ စီမံခန့်ခွဲနိုင်အောင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်ဖွင့်ထားဖို့ အရေးကြီးတယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ပြောထားပါတယ်။

နှစ်နိုင်ငံနဲ့သက်ဆိုင်တဲ့ ကိစ္စတွေအပြင်၊ ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးနဲ့ အမေရိကန်-တရုတ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းနိုင်ရေး အလားအလာတွေကိုလည်း ဝန်ကြီး Blinken ဘက်က ဆွေးနွေးမယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးအဖြစ် သုံးစွဲနိုင်တဲ့ fentanyl ဆေးတွေ တရားမဝင် အမေရိကန်ထဲကို ခိုးသွင်းနေတဲ့ ကိစ္စကိုလည်း အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးကို တရုတ်ကာကွယ်ရေးဝန်ကြီးက စင်္ကာပူဆွေးနွေးပွဲတခုမှာ သီးသန့်ဆွေးနွေးဖို့ တရုတ်ဘက်က ငြင်းဆန်ခဲ့ပြီး မကြာခင်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံကို သွားရောက်နေတာဖြစ်ပါတယ်။

ဝန်ကြီး Blinken ရဲ့ ခရီးစဉ်ကို အမေရိကန်လွှတ်တော်ကလည်း အနီးကပ်စောင့်ကြည့်နေပါတယ်။ သောကြာနေ့ညက ဝါရှင်တန်ကနေ ထွက်ခွာမသွားခင် ဝန်ကြီး Blinken ဟာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ တယ်လီဖုန်းပေါ်မှာ ဆက်သွယ်စကားပြောခဲ့ပါတယ်။ ၂ နိုင်ငံလုံးအနေနဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထားရှိဖို့ ကြိုးပမ်းမှုတွေအပေါ် ၂ ဘက်လုံး အပြန်အလှန် ထောက်ခံခဲ့ကြတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG