သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကယ်ရီကို ကန်လွှတ်တော်အမတ်တွေ မြန်မာ့အရေး ဖိအားပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

မြန်မာနိုင်ငံအခြေအနေဟာ အဆိုးဖက်ကို ဦးလှည့်သွားတာကြောင့် ဒီအခြေအနေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ် ဆိုပြီး မြန်မာအစိုးရကို သတိပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို အမေရိကန်အောက်လွှတ်တော်အမတ် ၇၀ ကျော်က တိုက်တွန်းလိုက် ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ မြန်မာနိုင်ငံမှာကျင်းပမယ့် ARF အာဆီယံဒေသတွင်း အစည်းအဝေးကို တက်ရောက်ဖို့ အခုလဆန်း မြန်မာနိုင်ငံကို သွားဖို့ရှိနေတာပါ။

အမေရိကန်လွှတ်တော်အမတ်တွေရဲ့ မစ္စတာကယ်ရီကို ပေးပို့တဲ့စာထဲမှာတော့ ရခိုင်ပြည်နယ် အခြားမြန်မာနိုင်ငံနေရာအချို့ဖြစ်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေးအမြင် ပျံနှံနေတာတွေ၊ ဘာသာရေး လူနည်းစုတွေနဲ့ မြန်မာအမျိုးသမီးတွေကို ထိခိုက်စေမယ့် ဥပဒေကြမ်း မူကြမ်းအချို့ မြန်မာအစိုးရက ပြင်ဆင်နေတာတွေ၊ မြန်မာသတင်းသမားအချို့ကို ပြင်းထန်တဲ့ထောင်ဒဏ်တွေ ချမှတ်ခဲ့တာတွေကို အဆိုးဖက်ကို ဦးလှည့်သွားတဲ့ အခြေအနေတွေအဖြစ် ထောက်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို အမေရိကန်အောက်လွှတ်တော်အမတ်တွေ ပေးပို့တဲ့ စာ။ (သြဂုတ်လ ၁၊ ၂၀၁၄)

ဒ့ါအပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လိုအပ်ချက်နဲ့ တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး လုပ်ငန်း မအောင်မမြင်ဖြစ်နေ တာတွေကို ထောက်ပြထားတာပါ။ ဒီလို အခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ စဉ်းစား ထားတဲ့ မြန်မာအပေါ် နောက်ထပ်လိုက်လျောဖြေလျှော့ဖို့ ကိစ္စရပ်တွေကို ရပ်ဆိုင်းထားဖို့ကို လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီးကယ်ရီကို အဲဒီစာထဲမှာ တိုက်တွန်းထားပါတယ်။

မြန်မာနို်င်ငံတွင်း အပြစ်မဲ့ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကို ဒဏ်ခတ်အရေးယူဖို့ ရှိထားတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း အသုံးချဖို့ဆိုပြီး အမေရိကန်လွှတ်တော်အမတ်တွေက မစ္စတာကယ်ရီကို တွန်းအားပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံကို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စာရေးသားတိုက်တွန်းလိုက်တဲ့ အောက်လွှတ်တော်အမတ် ၇၀ ကျော်ထဲမှာ Joseph Crowley, Steve Chabot, Frank Wolf, Joseph Pitts, Peter King, Dana Rohrabacher, Joseph Kennedy စတဲ့ ထင်ရှားတဲ့ လွှတ်တော် အမတ်တွေ မြန်မာ့အရေး တက်ကြွတဲ့ လွှတ်တော်အမတ်တွေ ပါဝင်ကြပါတယ်။

CSW အပါအဝင် အမေရိကန်အခြေစိုက်တဲ့ ဘာသာရေးအဖွဲ့အစည်း ၂၀ကျော်ကလည်း မြန်မာနိုင်ငံတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်နေတဲ့ကိစ္စတွေ မြန်မာအစိုးရနဲ့ဆွေးနွေးဖို့ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးကယ်ရီကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG