သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးစဉ် ဘာသာရေး လွတ်လပ်ခွင့် ဆွေးနွေးဖို့ ဝန်ကြီးကယ်ရီကို တိုက်တွန်း


U.S. Secretary of State အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ။
U.S. Secretary of State အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ့်လ သွားရောက်တဲ့ အခါမှာ မြန်မာအစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို ဦးစားပေး ဆွေးနွေးဖို့ဆိုပြီး အမေရိကန် အခြေစိုက်တဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသင်းအပင်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီး နိုင်ငံခြားရေးဝန်ကြီး ကယ်ရီထံကို စာရေးသား တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ရှိနေတယ်ဆိုပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အတော်လေး စိုးရိမ်မကင်းဖြစ်စရာကောင်းတဲ့ အခြေအနေတွေထဲမှာ ဘာသာရေးအရ အကဲစပ်မှု တိုးမြင့်လာတာဖြစ်တယ်လို့ အဲဒီအဖွဲ့အစည်းတွေ စုပြီး မစ္စတာကယ်ရီထံ ပေးပို့တဲ့စာထဲမှာ ပါရှိပါတယ်။

အဓိကအချက်ကတော့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမူဆလင်တွေကို ပစ်မှတ်ထား အကြမ်းဖက်တာတွေအပြင်၊ ပြီးခဲ့တဲ့ မိထ္ထီလာ၊ ဥက္ကံ၊ လားရှိုး၊ မန္တလေး မြို့တွေက ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုတွေကို ထောက်ပြဖော်ပြပါတယ်။ ဒါ့အပြင် ယုံကြည်မှုဘာသာအကူးအပြောင်းဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေကြမ်းတွေကိုလည်း အတည်ပြုနိုင်ဖို့ မြန်မာအစိုးရက လွှတ်တော်ကို တင်ပြထားတယ် လို့ ထောက်ပြ ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် လက်မှတ် ၂၂ ခုပါဝင်တဲ့ အဲဒီစာထဲမှာ မြန်မာအစိုးရအနေနဲ့ ဒီဥပဒေကြမ်းတင်သွင်းမှုကို ပယ်ဖျက်ပြီး ဘာသာရေးအကြမ်းဖက်မှုတွေဖြစ်စေတဲ့ အကြောင်းရပ်တွေကို အရေးယူကိုင်တွယ်နိုင်ဖို့ ဖိအားပေးသွားရေး မစ္စတာကယ်ရီကို တိုက်တွန်းထားပါတယ်။

လက်မှတ်ထိုးထားတဲ့အထဲမှာ မြန်မာ့အရေးကို တစိုက်မက်မက်ဆောင်ရွက်နေတဲ့ CSW ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ဆိုတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးကယ်ရီဟာ အခုလာမယ့် သြဂုတ်လထဲမှာ မြန်မာနိုင်ငံမှာကျင်းပမယ့် အာဆီယံဒေသတွင်း အစည်းအဝေးကို တတ်ရောက်ဖို့ရှိနေတာပါ။

ဝန်ကြီးကယ်ရီအနေနဲ့ မြန်မာနိုင်ငံရောက်တဲ့အခါမှာ လက်ရှိ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မှာ ရှိနေတဲ့စိန်ခေါ်အကဲစမ်းချက်တွေ ကို လေ့လာ စူးစမ်းသွားဖို့ရှိတယ်လို့ တနေ့တုန်းကပဲ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Dineal Russel က ပြောခဲ့ပါတယ်။ သမ္မတ အိုဘားမားဟာလည်း မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာကျင်းပမယ့် အရှေ့အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးကို တတ်ရောက်ဖို့ရှိနေပါတယ်။

XS
SM
MD
LG