ဗီယက်နမ်နိုင်ငံ Hanoi မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဗီယက်နမ် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဒီနေ့ စနေနေ့မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ ဗီယက်နမ် ၂ နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်မြှင့်တင်နိုင်ဖို့ ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဝန်ကြီးချုပ် Pham Minh Chinh နဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။
၂ နိုင်ငံကြား ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ၂ နိုင်ငံလုံးက ပြည်သူတွေကဏ္ဍစုံမှာ အကျိုးခံစားနေကြရပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို နောက်ထပ်အဆင့်မြှင့်နိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုတိုးမြှင့်ဖို့၊ ၂ နိုင်ငံပြည်သူတွေအတွက်အဓိကကျတဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် သူ့ခရီးစဉ်မှာ အဓိကဆွေးနွေးဖြစ်တဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။ သူဟာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Hanoi မြို့တော်မှာ ဒေါ်လာ ၁.၂ ဘီလျံအကုန်ခံထားတဲ့ ပရဝဏ်သစ်ထဲမှာ အမေရိကန်သံရုံးသစ်ဆောက်ဖို့ အုတ်မြစ်ချပွဲကိုလည်း ဝန်ကြီး Blinken တက်ရောက်ခဲ့ပါတယ်။ အရေးကြီးတဲ့ ၂ နိုင်ငံဆက်ဆံရေးရဲ့ ထူးခြားတဲ့နောက်ထပ်ခြေလှမ်းအဖြစ် သံရုံးသစ်တည်ဆောက်မှုကို သူကဖော်ပြပြောဆိုခဲ့ပါတယ်။
ဗီယက်နမ်ခရီးစဉ်ပြီးရင် သူဟာ ဂျပန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာရှခရီးစဉ်ဟာ အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ လွှမ်းမိုးမှုပိုများလာတာကို ချိန်ခွင်လျှာညှိနိုင်ဖို့ ကြိုးစားတဲ့ ခရီးစဉ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
=== Unicode =====