အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် Pete Hegseth ဖြစ်တာဝန်ယူ ခန့်အပ်ဖို့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ သူ့ကို အတည်ပြုရေး အထက်လွှတ်တော်မှာ သောကြာနေ့ ညနေပိုင်းက မဲခွဲခဲ့တာမှာ Republican မဲ ၅၀ Democrat မဲ ၅၀ ဖြစ်ခဲ့တာကြောင့် ဒုသမ္မတ JD Vance က ဝင်ရောက်မဲပေး ဆုံးဖြတ်ခဲ့ရတာပါ။
Republican လွှတ်တော်ထိပ်တန်းအမတ် ၃ ယောက်ဖြစ်ကြတဲ့ Mitch McConnell, Lisa Murkowski နဲ့ Susan Collins တို့က ကန့်ကွက်မဲတွေ ပေးခဲ့ကြပါတယ်။ ဒါကြောင့် မဲအသာရဖို့ ဒုသမ္မတက အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် မဲဝင်ပေးရတာဟာ အမေရိကန်သမိုင်းမှာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။
Conservative ရုပ်သံဌာန Fox မှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ခဲ့ဖူးပြီး အမေရိကန်စစ်တပ်မှာ အရာရှိအဆင့် တာဝန်ထမ်းခဲ့ဖူးတဲ့ စစ်မှုထမ်းဟောင်းတယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရရာထူးတာဝန် မယူခဲ့ဘူးတာကြောင့် ဝန်ထမ်းပေါင်း ၃ သန်းလောက်ရှိပြီး အသုံးစရိတ် ဘတ်ဂျက် ဒေါ်လာဘီလျံ ၈၀၀ ကျော်ကို စီမံခန့်ခွဲရမယ့်ဌာနကြီးရဲ့ ဝန်ကြီးတာဝန်နဲ့ သင့်တော်ရဲ့လားဆိုတာ လွှတ်တော်ကြားနာမှုတွေအတွင်း လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
သူဟာ အမေရိကန်စစ်တပ်ကို ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ကြားနာပွဲတွေမှာ ပြောဆိုခဲ့ပါတယ်။ အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ရစ်ပတ်ဘလစ်ကန်အမတ် Roger Wicker ကတော့ Pete Hegsth ဟာ စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချထားသူ ဖြစ်တယ်လို့ဆိုပြီး ထောက်ခံခဲ့ပါတယ်။
Forum