သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြသနာ Facebook ကြိုးစားဖြေရှင်းမှု ကန်လွှတ်တော်မှာ တင်ပြ


Facebook COO လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ Sheryl Sandberg အမေရိကန်အထက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုနေစဉ် Sept. 5, 2018,
Facebook COO လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ Sheryl Sandberg အမေရိကန်အထက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုနေစဉ် Sept. 5, 2018,

အကြမ်းဖက်မှုတွေကို အားပေးလှုံ့ဆော်နေတဲ့ အကောင့်တွေကို ဖေ့စ်ဘုတ်က စစ်ဆေးဖေါ်ထုတ်နေပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိုမိုဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေကြောင်း ဖေ့စ်ဘုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ Sherly Sandberg က ဗုဒ္ဓဟူးနေ့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲမှာ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် ကမ္ဘာတဝှမ်းက နိုင်ငံအတော်များများမှာ မမှန်သတင်းတွေ ဖြန့်ချီတဲ့ လုှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဖေ့ဘုတ်အကောင့်တွေ Instagram အကောင့်တွေကို ဖေ့စ်ဘုတ်က ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ အီရန်နဲ့ ရုရှားအပြင် မြန်မာနိုင်ငံက အကောင့်တွေပါ ပါဝင်တဲ့ အကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီအကြီးအကဲ တဦးဖြစ်တဲ့ Sheryl Sandberg က ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော်မှာ ပြုလုပ်တဲ့ "Foreign Influence Operations and Their Use of Social Media Platforms" နိုင်ငံရပ်ခြားက ဝင်ရောက်လွှမ်းမိုးဖို့လုပ်ဆောင်မှုနဲ့ သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေ အသုံးပြုမှု ဆိုင်ရာ ကြားနာပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်တွေနဲ့ လတွေမှာ တွေ့ခဲ့ပြီးဖြစ်တဲ့ အတိုင်း ဒီလို အရေးယူ ဆောင်ရွက်ခဲ့တဲ့ အတွက် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဇူလိုင်လမှာ ကျမတို့အနေနဲ့ ဖေ့စ်ဘုတ် စာမျက်နှာ နဲ့ အကောင့် ၃၂ ခု တို့ကို အယောင်ဆောင် မူမမှန်တဲ့ ဗျူဟာချ လုပ်ဆောင်မှု တွေ့ရတဲ့ အတွက် ပိတ်ပင်နိုင်ခဲ့ပါတယ်။ သြဂုတ်လမှာ အီရန်မှာ ဖွင့်ထားတဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ အကောင့် ၆၅၀ ကို ပိတ်ပစ် နိုင်ခဲ့ပြီး ရုရှားမှာ ဖွင့်ထားတဲ့ ဖေ့စ်ဘုတ်တွေကိုလည်း ပိတ်ပစ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဖေ့စ်ဘုတ် အနေနဲ့ မြန်မာပြည်မှာ ဖွင့်ထားတဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့ အကောင့် ၅၈ ခုတို့ကို ပိတ်ပစ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ အများအပြားက သတင်းဌာနတွေ အဖြစ်နဲ့ အယောင်ဆောင် ထားတာ တွေ့ရပါတယ်။”

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ အမုန်းတရားတွေ ဖြန့်ဝေနေတာဟာ သိပ်ကြီးမားတဲ့ အန္တရာယ်ဖြစ်လာနေ တယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့သလို အမုန်းတရားဖြန့်ဝေမှုတွေကို Facebook ဘက်က စနစ်တကျစောင့်ကြည့်ပိတ်ပင် တားဆီးပေးဖို့နဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကြောင့် Facebook အဖွဲ့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံထဲ ဇွန်လမှာ လာရောက်ဆွေးနွေးခဲ့ ကြပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လုံခြုံရေးတာဝန်ခံ အကြီးအကဲ ၆ ယောက်တို့ဟာ လူ့အခွင့်ရေး ချိးဖေါက်မှုတွေ ကျူးလွန်တဲ့ သက်သေတွေ ရှိတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ နောက် အဲဒီနေ့မှာပဲ ဖေ့စ်ဘုတ်က ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်အကောင့် အပါအဝင် လူပေါင်း ၁၂ သန်းလောက်က Follow လုပ်ထားတဲ့ ဖေ့စ်ဘုတ် အကောင့် ၁၈ ခု၊ Instagram အကောင့် ၁ ခုနဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ၅၂ ခုတို့ကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။

ဖေ့စ်ဘုတ်က ပိတ်ပစ်ခဲ့တဲ့ မြန်မာနိုင်ငံက အကောင့်တွေထဲမှာ ဇန်နဝါရီလတုန်းက အရှင်ဝီရသူရဲ့ အကောင့်ကို ပိတ်ပစ်ခဲ့တာ ဖြစ်ပြီး အဲဒီဖေ့ဘုတ်စာမျက်နှာမှာ မူစလင်တွေနဲ့ ပတ်သက်ပြီး ရန်လိုမုန်းထားတဲ့ ပို့စ်တွေ တင်နေတာဟာ အမုန်းပွါးစေတဲ့ အတွက် ပိတ်လိုက်တယ်လို့ ဖေ့ဘုတ်ပြောခွင့်ရက ပြောခဲ့ပါတယ်။

အခု အချိန်အထိ ဖေ့စ်ဘုတ်က မြန်မာနိုင်ငံအတွက် အရေးယူထားတဲ့အထဲမှာ လူ့အခွင့်ရေးချိုးဖေါက်မှုနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ရဲ့ အကောင့်တွေကို ပိတ်ပစ်ခဲ့သလို မမှန်မကန် လုပ်ဆောင်မှုတွေ တွေ့ရတဲ့အတွက် ပိတ်ပစ်တဲ့ အကောင့်က ၁၂ ခုနဲ့ စာမျက်နှာက ၄၆ ခု ရှိကြောင်းလည်း ဖေ့စ်ဘုတ်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်တချို့ရဲ့ ဖေ့စ်ဘုတ် အကောင့်တွေကို ပိတ်ပင်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲချက်တွေ ပိုပြီးကြီးထွားအောင် လုပ်လိုက်သလို ဖြစ်စေလိမ့်မယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောခံဲ့သလို အပိတ်ပင်ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ရဲ့ စည်းမျဉ်းတွေအပေါ် မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက မေးခွန်းထုတ်ခဲ့တာပါ။

အခုလို ဖေ့စ်ဘုတ်ကုမ္ပဏီ ကနေ ဖေ့စ်ဘုတ်အကောင့်တွေကို ဖယ်ရှားတာဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီမညီ ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော် ကြားနာပွဲမှာ Virginia ပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Mark Warner က ဖေ့စ်ဘုတ် တာဝန်ရှိသူကို မေးမြန်းခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေကို တကယ်တမ်း အားပေးလှုံ့ဆော်နေတဲ့ အကောင့်တွေကို ဖယ်ရှားဖို့ လုပ်တာဟာ ဖေ့စ်ဘုတ်အနေနဲ့ ဥပဒေအရ ဖြစ်စေ၊ ကျင့်ဝတ်ပိုင်းအရဖြစ်စေ လိုက်နာ စောင့်ထိန်းဖို့ လိုအပ်တာကြောင့် တာဝန်ရှိတာကြောင့် လုပ်တာလို့ ယုံကြည်ပါသလား”

ဖေ့စ်ဘုတ်ရဲ့ COO လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ Sherly Sandberg ကလည်း သူ့အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ကြားနာပွဲမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကျမအနေနဲ့ အဲဒါကို အခိုင်အမာ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာက သိပ်ကို ဆိုးဝါးလှပါတယ်။ ဒါ့ကြောင့် ကျမတို့က တင်းတင်းကြပ်ကြပ် ခြေလှမ်းတွေကို ယူနေပါပြီ။ ဒါ့ထက်ပို လုပ်ဆောင်ဖို့ လိုတယ် ဆိုတာကို ကျမတို့ သိပါတယ်။ ကျမတို့အနေနဲ့ အရေးအကြီးဆုံး လုပ်ဆောင် နိုင်ခဲ့တာကတော့ မြန်မာဘာသာနဲ့ သတင်းတွေကို ဖတ်နိုင်ဖို့ အင်အားတိုးပြီး လုပ်ဆောင်ခဲ့တာ ပဲ ဖြစ်ပါတယ်။”

ဒါဟာ မြန်မာနိုင်ငံတွင်း အမုန်းစကားတွေ၊ သတင်းမှားတွေကို ဖေ့စ်ဘုတ် ပေါ်ကနေ ဖြန့်ဝေတာအတွက် တိုးမြှင့် အရေးယူ ဆောင်ရွက်တာ ဖြစ်သလို ဖေ့စ်ဘုတ်က ဇွန်လထဲမှာပဲ မြန်မာဘာသာ တတ်ကျွမ်းသူ ၆၀ ကျော်ကို ခန့်ထားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ဒီလို အကောင့်မျိုးတွေကို နည်းပညာ ကောင်းကောင်းနဲ့ ဖော်ထုတ် လာနိုင်တာဖြစ်ကြောင်းလည်း ဖေ့စ်ဘုတ်က ပြောပါတယ်။

အခု အထက်လွှတ်တော်ကြားနာစစ်ဆေးပွဲ မတိုင်ခင် ဧပြီလတုန်းကလည်း ဖေ့စ်ဘုတ် အကြီးအကဲ Mike Zuckerburg ဟာ အမေရိကန်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားကြားဝင်နှောက်ယှက်မှု ရှိမရှိနဲ့ ရိုဟင်ဂျာ အရေးမှာ ဖေ့စ်ဘုတ်ကို သုံးပြီး အမုန်းတရားပြန့်ပွါးအောင်လုပ်မှုနဲ့ ပတ်သက်ပြီး ၅ နာရီကြာ စစ်ဆေးမေးမြန်းတာ ခံခဲ့ရသလို ဒါဟာ ဆိုရှယ်မီဒီယာမှာ အကြီးကျယ်ဆုံးသော ကြားနာစစ်ဆေးပွဲ တခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG