အမေရိကန်ပြည်ထောင်စု အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးက အမတ်တွေအတွက် အထူးကန့်သတ်ရှင်းလင်းပွတရပ်ကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အမျိုးသားလုံခြုံရေး အရာရှိတွေက ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြဆွေးနွေးပွဲ ဖြစ်ပါတယ်။
အထက်လွှတ်တော်အမတ် ၁၀၀ ယောက် ကို အိမ်ဖြူတော်မှာ ဖိတ်ကြားပြီး ကာကွယ်ရေးဝန်ကြီး Jim Mattis၊ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson၊ အမျိုးသားထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူးချုပ် Dan Coats နှင့် ပူးတွဲ စစ်ဦးစီးချုပ် Joseph Dunford တို့က တံခါးပိတ် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ သမ္မတ Donald Trump ကလဲ ဒီရှင်းလင်းပွဲဟာ သိပ်ကို အရေးကြီးတဲ့အကြောင်းပြောပြီး ခေတ္တ တက်ရောက်ခဲ့ပါတယ်။
အလားတူစွာပဲ ညနေပိုင်းမှာ အောက်လွှတ်တော်အမတ် ၄၃၁ ယေက်ကိုလဲ လွှတ်တော်တည်ရှိရာ Capitol အဆောက်အဦးမှာ ဖိတ်ခေါ်ရှင်းပြပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ဖျက်အားပြင်းလက်နက်တွေ မထုတ်လုပ်ရအောင် သံတမန်နည်းအရ လုပ်ဆောင်လို့ မအောင်မြင်ရင် အမေရိကန်နဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ အဆင့်လုပ်ထားတယ်လို့ နိုင်ငံရေးဝန်ကြီး Tillerson နဲ့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ Dan Coats တို့က ကျေညာချက်ထုတ်ပြန်ထားပါတယ်။
အထက်လွှတ်တော် ရီပါပလင်ကန် အမတ်အများစုခေါင်းဆောင် Mitch McConnell က မြောက်ကိုရီးယားရဲ့ စိတ်မချရတဲ့ အနေအထားကြောင့် အထက်လွှတ်တော်အမတ်အားလုံးကို အစီရင်ခံဖို့ သမ္မတကို သူတိုက်တွန်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ လေယာဉ်တင်သင်္ဘော Carl Vinson ဦးဆောင်တဲ့ အမေရိကန်ရေတပ်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းကို ချဉ်းကပ်နေပြီး ဒုံးကျည်တွေတပ်ဆင်ထားတဲ့ နျူးကလီးယားရေငုပ်သင်္ဘော USS Michigan ဟာလဲ တောင်ကိုရီးယား Busan ဆိပ်ကမ်းကို ၀င်ရောက် ခဲ့ပါတယ်။ ဒုံးကျည်ကာကွယ်ရေး စနစ်တရပ်ကိုလဲ ရက်ပိုင်းအတွင်းမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်တို့က တပ်ဆင်လို့ ပြီးစီးတော့မှာ ဖြစ်ပါတယ်။