သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွှတ်တော်အမတ်တွေ ရှစ်လေးလုံး အထိမ်းအမှတ် သဝဏ်လွှာပေးပို့


အမေရိကန် လွှတ်တော်အမတ်တွေ ရှစ်လေးလုံး အထိမ်းအမှတ် သဝဏ်လွှာပေးပို့
အမေရိကန် လွှတ်တော်အမတ်တွေ ရှစ်လေးလုံး အထိမ်းအမှတ် သဝဏ်လွှာပေးပို့

၁၉၈၈ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှု ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ အမေရိကန် ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေ ဘိုးလင်းဂရင်းမြို့ ဝေဠုမြိုင် တောရကျောင်းမှာ အထိမ်းအမှတ်ပွဲ တခုကို ပြီးခဲ့တဲ့ စနေနေ့က လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးမှာ ကျဆုံးခဲ့ကြသူတွေကို တမိနစ်ငြိမ်သက် အလေးပြုကြပြီး ရှစ်လေးလုံး သမိုင်းအကျဉ်းကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။

ကင်တပ်ကီမှာ ပြုလုပ်တဲ့ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲကို ကင်တပ်ကီ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) နဲ့ ကင်တပ်ကီ အမှတ် ၁ မဲဆန္ဒနယ် အောက်လွှတ်တော်အမတ် အပါအဝင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ရှစ်လေးလုံး အထိမ်းအမှတ် သဝဏ်လွှာတွေ ပေးပို့ ဖတ်ကြားခဲ့ကြပါတယ်။ ဒီပွဲကို ဦးဆောင်ကျင်းပသူ တဦးဖြစ်တဲ့ ဦးခင်မောင်ညွန့်က အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ်ရဲ့ မြန်မာ့အရေး ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမယ့်အကြောင်း သဝဏ်လွှာကို အခုလို ဖတ်ပြပါတယ်။

“အင်မတန် မွန်မြတ် တောက်ပြောင်တဲ့ လှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။ ဒါကို ထောက်ခံ အားပေးနေရုံသာမက ကျနော် အပါအဝင် မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေကိုလည်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်း ရှင်သန်လာစေဖို့ ကျနော်တို့ရဲ့ ကြိုးစားလုပ်ဆောင်မှု အားလုံးကို ရှေးကထက် ၂ ဆ ပိုမိုတိုးမြှင့် လုပ်ဆောင်ကြဖို့ သတိပေး နှိုးဆော်လျက် ရှိနေပါတယ်ခင်ဗျား။ တည်ကြည်စွာဖြင့်… မစ်ချ် မက်ကောနဲလ်၊ အထက်လွှတ်တော်အမတ်၊ ကင်တပ်ကီပြည်နယ်၊ USA။”

အလားတူ ကင်တပ်ကီပြည်နယ် အမှတ် ၁ မဲဆန္ဒနယ် အောက်လွှတ်တော်အမတ် ဘရက် ဂူဒါရီကလည်း မြန်မာ့ဒီမိုကရေစီအရေး အတွက် သူ့အနေနဲ့ ပါဝင်ကူညီမယ့်အကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဦးခင်မောင်ညွန့်က ဆက်ပြောပြပါတယ်။

“ဒီလို ခင်ဗျားတို့တတွေ ပြန်လည်သတိရ အောက်မေ့တဲ့ပွဲမှာ ကျနော်လည်း ခင်ဗျားတို့နဲ့အတူ အောင်ဆန်းစုကြည်ရဲ့ ပြည်သူတွေအပေါ် သစ္စာရှိမှု၊ ဒီမိုကရေစီ အရေးအတွက် အခက်အခဲ ပေါင်းစုံနဲ့ အန္တရာယ် အသွယ်သွယ်ကြားက ဆက်လက် တိုက်ပွဲဝင်မှုတွေကိုလည်း ကျနော် လေးစား တန်ဖိုးထားလျက် ရှိနေပါတယ်။ ကျနော်လည်း ခင်ဗျားတို့နဲ့အတူ လက်တွဲပြီး ဗမာပြည်မှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အကောင်းဆုံး ကြိုးပမ်း လှုပ်ရှားပါမယ်လို့ သန္နိဋ္ဌာန် ချထားပြီး ဖြစ်ပါတယ်။ ဘရက် ဂူဒါရီ၊ အောက်လွှတ်တော်အမတ်၊ ကင်တပ်ကီ အမှတ် ၁ မဲဆန္ဒနယ်မြေ။”

ဦးခင်မောင်ညွန့် ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မျိုးချစ် စစ်သည်ဟောင်းများ အစည်းအရုံး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (အမေရိကန် ပြည်ထောင်စု)၊ ABSDF ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့ကလည်း ရှစ်လေးလုံး အထိမ်းအမှတ် သဝဏ်လွှာတွေကို ပေးပို့ခဲ့ကြပါတယ်။ ဒီပွဲမှာ ကင်တပ်ကီပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာ့အရေး လှုပ်ရှားသူ ၆၀ ခန့် တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG