သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် အကြမ်းဖက်မှု ရှုံ့ချတဲ့အဆို ကန်အထက်လွှတ်တော် တင်သွင်း


ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီးများ
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီးများ

ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ Arizona ပြည်နယ်က John McCain နဲ့ ဖလော်ရီဒါပြည်နယ်က Marco Rubio အပြင် ဒီမိုကရက်အထက်လွှတ်တော်အမတ် တွေ ဖြစ်ကြတဲ့ Illinois ပြည်နယ်က Dick Durbin၊ ဗာဂျီးနီးယား ပြည်နယ်က Tim Kaine ကယ်လီဖိုးနီးယားပြည်နယ်က Dianne Feinstein တို့ပါဝင်တဲ့ အထက်လွှတ်တော်အမတ် ၁၅ ဦးတို့ဟာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တရပ်ကို အထက်လွှတ်တော်မှာ တင်သွင်းခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေနဲ့ အခြားလူနဲစုတိုင်းရင်းသားတွေ အပေါ် အကြမ်းဖက်မှုတွေနဲ့ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရတဲ့ အခြေနေတွေကို ပြစ်တင်ရှုံ့ချခဲ့ပြီး မြန်မာအာဏာပိုင်တွေ ဘက်က ရန်လိုမုန်းထားမှု တွေကို ချက်ချင်းရပ်တံ့ဖို့ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ မိမိသဘောအလျှောက် နေရပ်ရင်းကို ဘေးကင်း လုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ဖို့၊ နိုင်ငံသားဖြစ်မှု အပြည့်အဝပေးဖို့၊ လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်ပေးဖို့နဲ့ အခြေခံ အခွင့်ရေးတွေကို တခြားနိုင်ငံသားတွေနဲ့အတူ တန်းတူခံစားခွင့် ပြုဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြုထားတဲ့ ဘေးကင်းဇုံ သတ်မှတ်ပေးနိုင်ရေး ဒါမှမဟုတ် အကာကွယ်မဲ့တဲ့ လူ့အဖွဲ့အစည်းတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ နိုင်ငံတကာကွပ်ကဲမှုအောက်မှာ ငြိမ်းချမ်းရေးထိန်းတပ် စေလွှတ်ရေးအတွက် ကုလသမဂ္ဂက စဉ်းစားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီး အရေးယူခံထားရတဲ့ ရိုက်တားစ် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့လည်း ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

အခုလို အမေရိကန်ပါတီကြီး ၂ ရပ်စလုံးက အထက်လွှတ်တော် အမတ်တွေ မြန်မာနိုင်ငံအပေါ် အရေးယူဖို့ ကြိုးပမ်းချိန်မှာပဲ Illinois ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော် အမတ် Dick Durbin က ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင် Mitch McConnell ဟာ သူနဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြား ရင်းနှီးမှုရှိနေတဲ့အတွက် ရိုဟင်ဂျာပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အရေးယူမယ့် ဆောင်ရွက်ချက်ကို အချိန်ဆွဲထားတယ်လို့ စွပ်စွဲလိုက်ပါတယ်။

တခုတည်းသောပြဿနာက Mitch McConnell နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ရင်းရင်းနှီးနှီးဆက်ဆံရေး ရှိနေတဲ့ ကိစ္စပဲဖြစ်တယ်လို့ Illinois ပြည်နယ်အမတ် က ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်တပ်လက်ထဲမှာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေရတယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါကိုရပ်တန့်အောင် လုပ်ဖို့လိုအပ်တယ်ဆိုပြီး ဒီပြဿနာကို ဆွေးနွေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ အထက်လွှတ်တော်အမတ် Mitch McConnell နဲ့အခြားသူတွေက ဒီဆွေးနွေးမှုကို ရပ်ပစ်တယ်လို့ ဆိုပါတယ်။ Mr. McConnell ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ စစ်အစိုးရအပေါ်မှာ ဒဏ်ခတ်အရေးယူမှု အများအပြားကို အဓိက ကမကထ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

Mitch McConnell ကပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ကြေညာချက်တခုမှာ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်က လူမှုဒုက္ခကြုံနေရသူတွေ အခြေအနေအတွက် များစွာ စိတ်မကောင်းဖြစ်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားရှုတ်ချတာဟာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အပြုသဘောမဆောင်နိုင်ဘူးလို့ ပြောကြားခဲ့တာပါ။

ဒီအတောအတွင်း ဗုဒ္ဓဟူး နေ့မှာပဲ အမေရိကန်ဝါရင့်သံတမန်ဟောင်းတဦးလည်းဖြစ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း တဦးလည်းဖြစ်တဲ့ Bill Richardson ဟာ ရခိုင်ပဋိပက္ခအရေး အကြံပေးဖို့ မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံ ပြောင်းလဲအောင် သံဓိဌာန်ချ လုပ်ဆောင်မယ့် အဖွဲ့တခု မဟုတ်ဖူးလို့ ပြောကြားရင်း နှုတ်ထွက်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာပဲ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွါသွားခဲ့တာပါ။

XS
SM
MD
LG