သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်အတွက် ကာကွယ်ရေး အကူအညီ အမေရိကန်ပေး


ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးကနေ တိုက်ခိုက်လာခဲ့ရင် ခုခံကာကွယ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃၄၅ သန်းတန်ဖိုး အကူအညီတွေ ထိုင်ဝမ်ကို ပေးမယ်လို့ ကြေညာပါတယ်။ လုံခြုံရေးဆိုင်ရာ အကူအညီတွေထဲမှာ အမေရိကန်ကာကွယ်ရေးဌာနမှာ လက်ရှိသိုလှောင်ထားတဲ့ စစ်လက်နက်တွေ၊ ပြုပြင်ထိန်းသိမ်းရေး အပါအဝင် စစ်ပညာနဲ့ စစ်သင်တန်းပို့ချ မှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ခုခံကာကွယ်ရေးပိုင်းကို အဓိကထားတဲ့ လက်နက်တွေနဲ့ စနစ်တွေပေးမှာ ဖြစ်တယ်ဆိုတာကို ထောက်ပြပြီး ဒါတွေကို ကြည့်ရင် တရုတ်ကို ရန်စလိုတဲ့သဘောမျိုး မဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရးဝန်ကြီး Lloyd Austin ကအလေးထား ပြောကြားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ Brisbane မြို့မှာ ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် ဩစတြေးလျက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နဲ့ ပြုလုပ်တဲ့ နှစ်နိုင်ငံဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ သူကပြောကြားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နဂိုကတည်းက ထားရှိခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲ လုပ်ဆောင်ခြင်းမဟုတ်ဘူးလို့ ပြောပါတယ်၊

အခုပေးတဲ့ စစ်လက်နက်ပစ္စည်း အကူအညီတွေ ထိုင်ဝမ်ကျွန်းကို ဘယ်တော့ရောက်မယ်ဆိုတာကို အမေရိကန် စစ်ဘက်အရာရှိတွေက အတိအကျ မပြောပေမယ့် အတတ်နိုင်ဆုံး၊ အမြန်ဆုံးပို့ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ထိုင်ဝမ်ကို ကာကွယ်ရေးအကူအညီတွေ ပေးတာကြောင့် စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက်ပေးတဲ့ စစ်ရေးအထောက်အပံ့တွေကို ထိခိုက်မှာ မဟုတ်ဘူးလို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ ပြောနေတဲ့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ပိုင်နက်ထဲအထိဝင်ပြီး စစ်အင်အားပြမှုတွေ ပိုတိုးလုပ်နေချိန်မှာ အမေရိကန်က အခုလို စစ်ရေးအကူအညီတွေပေးဖို့ ကြောညာလိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG