သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အောက်မေ့ဖွယ် အမေရိကန်နိုင်ငံတဝှမ်း ကျင်းပ


အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ၁၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်နိုင်ငံသားတွေ ကြာသပတေးနေ့က ကျင်းပခဲ့ကြပါတယ်။

နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး ဌာန WTC တည်ရှိခဲ့ရာနေရာ၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ Pennsylvania ပြည်နယ်၊ Shanksville မြို့တို့မှာ သေဆုံးသွားကြတဲ့ လူပေါင်း ၃၀၀၀ လောက်ရဲ့ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေ စုဝေးပြီး သူတို့ရဲ့ နံမည်တွေကို ရွတ်ဖတ်ခဲ့ပါတယ်။

နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးဌာန အဆောက်အဦး နှစ်ခုထဲက တခုကို၊ ပြန်ပေးဆွဲခံရတဲ့ ပထမ ခရီးသည်တင် လေယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့အချိန်နဲ့ အချိန်ကိုက် ပြုလုပ်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို သမ္မတ Barack Obama နဲ့ သမ္မတကတော် Michelle Obama တို့က ဦးဆောင်ပြီး သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ တတိယလေယာဉ်နဲ့ ဝင်တိုက်ခံခဲ့ရတဲ့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှာ ကျင်းပတဲ့ အောက်မေ့ဘွယ် အခမ်းအနားကိုလည်း သမ္မတ အိုဘားမား တက်ရောက်ခဲ့ပါတယ်။ ပင်တဂွန် တိုက်ခိုက်မှုအတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရ တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးဌာန တိုက်ခိုက်ခံရတုန်းက ရိုက်ကူးထားတဲ့ မှတ်တမ်း ဓါတ်ပုံတွေ၊ ပစ္စည်း အပိုင်းစတွေကို ပြသထားတဲ့ September 11 ပြတိုက်ဖွင့်ပြီးတဲ့နောက် 9/11 နှစ်ပတ်လည်ပွဲကို နယူးယောက်မြို့မှာ ပမထဆုံးအကြိမ် ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG