သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အကြပ်အတည်းပြေလည်ရေး အထက်လွှတ်တော်ဆွေးနွေး


အမေရိကန်အထက်လွှတ်တော်အမတ် Harry Reid နှင့် တခြား ဒီမိုကရက်ပါတီဝင် အထက်လွှတ်တော်အမတ်များနှင့် ဝါရှင်တန်ဒီစီ မြို့တော်ဝန် Vincent Gray (ဝဲ)
အမေရိကန်အထက်လွှတ်တော်အမတ် Harry Reid နှင့် တခြား ဒီမိုကရက်ပါတီဝင် အထက်လွှတ်တော်အမတ်များနှင့် ဝါရှင်တန်ဒီစီ မြို့တော်ဝန် Vincent Gray (ဝဲ)
အမေရိကန်အစိုးရလုပ်ငန်းတွေအတော်များများ ရပ်ဆိုင်းထားရတာ အဆုံးသတ်ရေးနဲ့ ပေးရန်တာဝန်တွေ ပျက်ကွက်မယ့်အရေး ကာကွယ်ဖို့ ကြိုးပမ်းမှုဟာ စနေနေ့ကတော့ အထက်လွှတ်တော်ဘက်ကို အာရုံပြောင်းသွားခဲ့ပါတယ်။ သမ္မတအိုဘားမားနဲ့ အောက်လွှတ်တော် Republican တွေအကြား သဘောတူညီမှု ရရှိနိုင်ရေး မတင်မကျဖြစ်နေချိန်မှာ အထက်လွတ်တော်က ပြေလည်မှုရရေး ကြိုးပမ်း နေကြတာဖြစ်ပါတယ်။

အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Harry Reid က သူနဲ့ Republican ပါတီရဲ့ အထက်လွှတ်တော်ခေါင်းဆောင် Mitch MaConnell တို့ဟာ ၁၂ ရက်ကြာအကြပ်အတည်းကို အဆုံးသတ်ဖို့ နည်းလမ်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပေမဲ့ ၂ ဘက်ပြေလည်အောင် ညှိနှိုင်းနိုင်ဖို့ကတော့ အလှမ်းဝေးနေဆဲပါပဲလို့ဆိုပါတယ်။

အစိုးရလုပ်ငန်းတွေကို လက်ရှိအနေအထားအတိုင်း နောက်ထပ် ၆ လ လည်ပတ်နိုင်အောင် ရန်ပုံငွေ ချထားပေးဖို့ဆိုတဲ့ Republican အထက်လွှတ်တော် အမတ် Susan Collins ရဲ့ အဆိုပြုချက်ဟာ ဘယ်ကိုမှခရီးလည်းမပေါက် အလုပ်လည်းမဖြစ်ဘူးလို့ Mr. Reid ကဝေဖန်လိုက်ပါတယ်။ အထက် လွှတ်တော်မှာ မဲခွဲခဲ့ပြီး ဒီမိုကရက်အမတ်တွေဟာ အိမ်ဖြူတော်မှာ သမ္မတနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရအသုံးစရိတ်ကန့်သတ်ချက်ကို နောက်နှစ်ကုန်အထိ တိုးမြှင့်သတ်မှတ်ဖို့ ဒီမိုကရက်တွေရဲ့ အစီအစဉ်ကို Republican တွေက လက်မခံတဲ့အတွက် Mr. Reid က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ Republican တွေကတော့ ရန်ပုံငွေကန့်သတ်ချက်ကို တိုးမြှင့်မယ့် ဘယ်လိုအစီအစဉ်မျိုးမှာမဆို အသုံးစရိတ် လျှော့ချစေလိုနေကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေရဲ့ အဆိုပြုချက်ကို ထောက်ခံတာလည်းမရှိ ကန့်ကွက်တာလည်းမဟုတ်ဘဲ ဒီအတိုင်းထားလိုက်ကြတဲ့အတွက် ကံမကောင်း အကြောင်း မလှဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
XS
SM
MD
LG