သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နှင်းမုန်တိုင်း ၄ ယောက်ထက်မနည်း သေဆုံး


နှင်းကြုံးနေတဲ့ နယူးယောက်မြို့ခံတဦး။ (ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၃)။
နှင်းကြုံးနေတဲ့ နယူးယောက်မြို့ခံတဦး။ (ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အားကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသွားပါပြီ။ ဆီးနှင်းထုက နယူးယောက်မြို့မှာ တပေကအစ ကွန်နက်တိကက်ပြည်နယ် (Connecticut) ပြည်နယ် Milford မြို့မှာ ဆီးနှင်းထု ၃ ပေကျော်အထိ မြင့်ပါတယ်။ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေတဲ့အပြင် လေပြင်းကလည်း တိုက်တာမို့ ဓာတ်ကြိုးတွေပြတ်ကျပြီး လူသိန်းပေါင်းများစွာ လျှပ်စစ်မီး မရရှိဘဲနေ နေရပါတယ်။ လေက တနာရီကို မိုင် (၃၀) လောက်နဲ့ တိုက်နေတာပါ။

နိုင်ငံ အရှေ့မြောက်ခြမ်း ပြည်နယ်တွေရဲ့ လေဆိပ်တွေက လေယာဉ်ခရီးစဉ်တွေ အဝင်ရော အထွက်ရော ရပ်ထားရပြီး ရထားတွေလည်း မပြေးဆွဲနိုင်သလို ကားလည်း မမောင်းဖို့ တားမြစ်ထားပါတယ်။ ဘယ်လိုရာသီမျိုးမှာမဆို စာတွေအရောက်ပို့ပေးပါမယ်လို့ အလွတ်သဘော ကြွေးကြော်ထားတဲ့ အမေရိကန်စာတိုက်ဌာန ကတော့ သူ့ရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြည်နယ် ၆ ခုမှာ စနေနေ့ကပဲ ရပ်နားထားလိုက်ပါတယ်။

အခုတော့ မုန်တိုင်းက ကနေဒါနိုင်ငံ အရှေ့ဖျားကနေ ပင်လယ်ဘက်ကို ထွက်သွားပြီမို့ လေယာဉ်ခရီးစဉ်တွေ ရထားပြေးဆွဲမှုတွေ အဖြည်းဖြည်း ပြန်စတင်နေပါပြီ။ ကားမမောင်းဖို့ တားမြစ်ထားတာကိုလည်း ပြန်လျှော့ပေးလိုက်ပြီး ဖြစ်ပေမဲ့ လမ်းက အန္တရာယ် အထူးများသေးပြီး အပြင်မထွက်ကြသေးတာ အကောင်းဆုံးပဲလို့ သတိပေးချက် ထုတ်ထားပါသေးတယ်။ မြောက်ပိုင်းကဆင်းလာတဲ့ အာတိတ်ဒေသက လေအေးတွေနဲ့ အတ္ထလန္တိတ်သမုဒ္ဒရာက ရေငွေ့တွေ ထိတွေ့ပြီး ဆီးနှင်းမုန်တိုင်း တိုက်ခတ်ရတာြဖစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောကြပါတယ်။
XS
SM
MD
LG