သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့မြောက် ပြည်နယ်တချို့ နှင်း ၃ ပေအထိကျ


အမေရိကန်အရှေ့မြောက်ပိုင်း တချို့ဒေသတွေမှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့က တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် နှင်း ၃ ပေအထိ ကျခဲ့ပေမဲ့ မိုးလေဝသ ခန့်မှန်းချက်တွေလောက်တော့ မဆိုးရွားခဲ့ပါဘူး။

Massachusetts နဲ့ Connecticut ပြည်နယ်တို့မှာ နှင်းအများဆုံး ကျခဲ့တာဖြစ်ပါတယ်။ Massachusetts ပြည်နယ်နဲ့ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ Maine နဲ့ Rhode Island ပြည်နယ်တွေမှာ အင်္ဂါနေ့နေ့လည်ပိုင်းအထိ နှင်းမုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားဆဲရှိပါတယ်။

လေပြင်းတိုက်ခတ်တဲ့ ဒီမုန်တိုင်းရဲ့အဓိက အန္တရာယ်က နှင်းထူထပ်စွာကျမှုဖြစ်ပါတယ်။ Massachusetts ပြည်နယ်ရှိ Nantucket ကျွန်းမှာ လေပြင်းတနာရီ ၇၆ မိုင်အထိ အပြင်းအထန်ဆုံး တိုက်ခတ်ခဲ့ပါတယ်။ အဲဒီပြည်နယ်မှာ လျှပ်စစ်မီးပြတ်တောက်ပြီး ရေကြီးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

New York နဲ့ New Jersey ပြည်နယ်တို့မှာတော့ ရာသီဥတုအခြေအနေဟာ ခန့်မှန်းထားသလောက် မဆိုးရွားခဲ့ပါဘူး။ နှင်းဟာလည်း ခန့်မှန်းထားသလောက် မကျခဲ့ပါဘူး။ New York နဲ့ New Jersey ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အင်္ဂါနေ့ အာရုံတက်မှာ ခရီးသွားပိတ်ပင်မှုတွေကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး New York မြို့မှာ ထုတ်ထားတဲ့ နှင်းမုန်တိုင်းသတိပေးချက်ကိုလည်း အမေရိကန် မိုးလေဝသဌာနက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

New York မြို့တော်ဝန် Bill de Blasio က နှင်းမုန်တိုင်းဟာ ထင်သလောက် မစိုးရိမ်ရတဲ့အကြောင်း CNN ကို ပြောကြားခဲ့ပါတယ်။ ဒီနှင်းမုန်တိုင်းဟာ New York အနေနဲ့ အဆိုးရွားဆုံးခံရမယ့် မုန်တိုင်းအဖြစ် de Blasio က အစောပိုင်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။

New York စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ငန်းကလည်း အင်္ဂါနေ့မှာ ပုံမှန်လည်ပတ်နေပြီး မြေအောက်ရထားတွေ၊ မီးရထားတွေနဲ့ ဘတ်စ်ကားတွေလည်း စတင် ပုံမှန်ပြေးဆွဲခဲ့ကြပါတယ်။ ဒါပေမဲ့လို့ ကုလသမဂ္ဂဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတခွင်ရှိ ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကိုတော့ ပိတ်ထားခဲ့ပါတယ်။

အင်္ဂါနေ့က အမေရိကန် အရှေ့မြောက်တခွင် ခရီးသွားလာမှုရပ်ဆိုင်းခဲ့ပြီး FligthAware.com ရဲ့ ဖော်ပြချက်အရ လေယာဉ်ပျံသန်းမှု ၄၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီမုန်တိုင်းကြောင့် သေဆုံးသူ ၁ ဦးတည်းရှိခဲ့ပြီး New York မြို့ရဲ့ Long Island က ဖြစ်ပါတယ်။ သေဆုံးသူ ဆယ်ကျော်သက်ဟာ နှင်းလျောစီးရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG