သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကို ပြန်ပို့ဖို့ အမေရိကန်တောင်းဆို


အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို ဒီလမှာပဲ လူသိရှင်ကြား ဖွင့်ချခဲ့လို့ တရားစွဲခံနေရတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းဟောင်း Edward Snowden ကို ဟောင်ကောင် ကနေ ပြန်ပို့ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုထားကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါ တယ်။
အမေရိကန်နဲ့ ဟောင်ကောင်ကြားမှာ တရားခံလဲလှယ်ရေး စာချုပ်ရှိထားတယ် ဆိုတာရယ်၊ ဟောင်ကောင်နဲ့ ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေး ရှိတယ်ဆိုတာရယ်ကို NSA အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Tom Donilon က CBS ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပြီး ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ သူတို့ကြားက သဘောတူစာချုပ်ကို လိုက်နာမယ်လို့ ယူဆကြောင်းပြောပါတယ်။

အစောပိုင်းကလည်း အမေရိကန် အစိုးရအဖွဲ့ ထိပ်တန်းအရာရှိတယောက်က အမေရိကန်ရဲ့ ပန်ကြားမှုကို ဖြည့်ဆည်းဖို့ ဟောင်ကောင်ဘက်က ပျက်ကွက်မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို သွားထိခိုက်လိမ့်မယ်လို့ သတိပေးသွားပါတယ်။

မစ္စတာ Snowden ကို သူလျှိုလုပ်မှု၊ ခိုးဝှက်မှုအပြင် တခြားပြစ်မှုတွေနဲ့ အမေရိကန် အစိုးရရှေ့နေတွေက တရားစွဲလိုက်ပြီး ၂၄ နာရီအတွင်းမှာပဲ အခုလို အိမ်ဖြူတော်က ဖိအားပေးလာတာပါ။

NSA အပါအဝင် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေဟာ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝန်းက တယ်လီဖုန်း နဲ့ အင်တာနက်ဆက်သွယ်မှု တွေကို အများကြီး စောင့်ကြည့်မှတ်တမ်းယူ ခဲ့တဲ့အကြောင်း သတင်းမီဒီယာတွေကို မစ္စတာ Snowden က ဖွင့်ချခဲ့တဲ့ NSA စာရွတ်စာတမ်းတွေမှာ ပါရှိပါတယ်။ သာမန်အရပ်သားတွေအပေါ်မှာ အစိုးရက အကြီးအကျယ်စောင့်ကြည့် ထောက်လှမ်းနေတာကို ဖော်ထုတ်ဖို့ အရေးကြီးတဲ့အတွက် ခုလို လုပ်လိုက်ရတာလို့ မစ္စတာ Snowden ကပြောပါတယ်။

ထိပ်တန်းအစိုးရ အရာရှိတွေကတော့ တယ်လီဖုန်း နဲ့ အင်တာနက်သုံးစွဲမှု ပုံစံတွေကနေရရှိတဲ့ အချက်အလက်တွေကြောင့် အစိုးရက အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားတာတွေကို တားဆီးကာကွယ်နိုင်ခဲ့တယ်၊ အခု မစ္စတာ Snowden ရဲ့ လုပ်ရပ်ကြောင့် ရှေ့လျှောက်ကြုံရနိုင်တဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေကို ကာကွယ်ဖို့ အစိုးရမှာ အားနည်းသွားရပြီ လို့ ပြောပါတယ်။
XS
SM
MD
LG