သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံ တောင်ကိုရီးယားမှာ တိုက်ခိုက်ခံရ


တိုက်ခိုက်ခံရအပြီး သံအမတ်ကြီး Mark Lippert ကိုတွေ့ရစဉ်
တိုက်ခိုက်ခံရအပြီး သံအမတ်ကြီး Mark Lippert ကိုတွေ့ရစဉ်

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mark Lippert ဟာ ဆိုးလ်မြို့မှာ လက်နက်ကိုင် လူတဦးရဲ့ တိုက်ခိုက်ခြင်း ခံလိုက်ရပြီး ဒဏ်ရာရသွားခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် သံအမတ်ကြီး Lippert ကို ဆေးကုသမှုပေးဖို့အတွက် ဆေးရုံကို ခေါ်သွားကြောင်း ဒေသခံ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူ့မျက်နှာမှာ ဒဏ်ရာရသွားပြီး သွေးတွေ ထွက်ကျနေပေမဲ့ ဆေးရုံကိုသွားဖို့အတွက် အပြင်ကို သူ့ဟာသူ လမ်းလျှောက်ထွက်လာတဲ့ ပုံတွေကိုလည်း ဒေသခံသတင်းတွေမှာ ဖော်ပြကြပါတယ်။ သူ့မျက်နှာ ညာဖက်အခြမ်းကို ဒါးနဲ့အလှီးခံလိုက်ရခြင်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒဏ်ရာက ဘယ်လောက်ပြင်းတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

သံအမတ်ကြီး Lippert ကို အခု ဆေးရုံမှာ ကုသမှုပေးနေကြောင်း၊ သူအခုလို ဘာကြောင့် တိုက်ခိုက်ခံရတယ် ဆိုတာကို မသိသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က CNN ရုပ်မြင်သံကြားကတဆင့် ပြောကြားခဲ့ပါတယ်။ သူ့ဒဏ်ရာတွေဟာ အသက်အန္တရာယ် မဖြစ်နိုင်ကြောင်း၊ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြည့်အစုံ သိနိုင်အောင် စုံစမ်း စစ်ဆေးသွားမှာဖြစ်ကြောင်း Marie Harf က ပြောပါတယ်။

Kim ဆိုတဲ့ နာမည်တလုံးသာ သိခွင့်ရသေးတဲ့သူက တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း တောင်ကိုရီးယား Yonhap သတင်းမှာ ဖော်ပြထားပြီး၊ သူ့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ ဆိုပါတယ်။ တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် တောင်နဲ့ မြောက်ကိုရီးယားတို့ ပေါင်းစည်းသင့်တယ်ဆိုပြီး အဲဒီလူက အော်ဟစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ဖက် တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံအကြားက နယ်စပ်ဒေသဟာ ကမ္ဘာမှာ လက်နက်ကိုင် တပ်ဖွဲ့အင်အား အများဆုံး နေရာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ရန်က ကာကွယ်ဖို့အတွက် အမေရိကန်က တပ်ဖွဲ့အင်အား ၂၈,၅၀၀ တောင်ကိုရီးယားမှာ ချထားပြီး အဲဒီလို အမေရိကန် တပ်ဖွဲ့တွေ ရှိနေခြင်းဟာ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံ ပေါင်းစည်းရေးအတွက် အဟန့်အတား ဖြစ်တယ်လို့ ကိုရီးယားလူမျိုးတချို့က ယူဆနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG