သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရေတပ်သားတဦး တာလီဘန် ဖမ်းဆီးထား


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက်ခြမ်း လိုဂါပြည်နယ်ထဲမှာ ပျောက်ဆုံးနေတဲ့ အမေရိကန် ရေတပ်သင်္ဘောသား ၂ ဦးကို တနင်္ဂနွေနေ့မှာ တောနင်းပြီး အမေရိကန်တပ်က အကြီးအကျယ် ရှာဖွေခဲ့ပါတယ်။ တာလီဘန် သူပုန်ဘက်ကတော့ အဲဒီ ၂ ဦးမှာ တဦးသေဆုံးပြီး တဦးကိုတော့ သူတို့ ဖမ်းဆီးရမိထားတယ်လို့ ပြောနေပါတယ်။

အဲဒီ အမေရိကန် ၂ ဦးဟာ သူပုန်တွေ ထိန်းချုပ်ထားရာ ဒေသကို သောကြာနေ့မှာ ၀င်ရောက်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် အမေရိကန်တဦးကတော့ သေဆုံးသွားပြီလို့ တာလီဘန် ပြောခွင့်ရသူ ဇာဘီလာ မူဂျာဟစ်ဒ် (Zabiullah Mujahid) က ပြောပါတယ်။ သူတို့ ၂ ဦးကို သူတို့အခေါ် စိတ်ချရတဲ့ နေရာကို ခေါ်ဆောင်သွားတယ်လို့လည်း ပြောပါတယ်။

အခုလို ပျောက်ဆုံးနေတဲ့ အမေရိကန် ရေတပ်သား ၂ ဦးကို တောနင်း ရှာဖွေနေချိန်မှာပဲ အမေရိကန်စစ်တပ် ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) ဟာ အခု ကဘူးလ်မြို့တော်ကို ရောက်ရှိနေပြီး အမေရိကန် အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

အမေရိကန်စစ်တပ် အနေနဲ့ ပျောက်ဆုံးနေတဲ့ ရေတပ်သားတွေ ရှာဖွေမှုကို အလေးပေး အထူးကြိုးစား လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ သူက မပြောပါဘူး။ ဒါပေမဲ့လည်း အခုလို အဖြစ်အပျက်ကြောင့် အာဖဂန်မှာရှိတဲ့ ညွန့်ပေါင်းတပ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သတိဝင်စေတယ်လို့ ပြောပါတယ်။

အာဖဂန်အရှေ့မြောက်ပိုင်း နူရီစတန်ပြည်နယ်မှာတော့ တာလီဘန် သူပုန်တပ်တွေဟာ အစိုးရတပ်နဲ့ ရက်အတန်ကြာ အကြီးအကျယ် တိုက်ပွဲတွေဖြစ်ပြီး အစွန်အဖျား ခရိုင်တခုကို အစိုးရလက်က သိမ်းပိုက်ခဲ့ပါတယ်။

XS
SM
MD
LG