သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်မန်ဒိုကယ်တင်တုန်း ဓားစာခံတွေ သေဆုံး


အမေရိကန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် အသက်က ၃၃ နှစ်အရွယ် Luke Somers
အမေရိကန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် အသက်က ၃၃ နှစ်အရွယ် Luke Somers

ယီမန်နိုင်ငံမှာ အဖမ်းဆီးခံထားရတဲ့ အမေရိကန်ဓာတ်ပုံသတင်းထောက် Luke Somers ကို အမေရိကန်Commando တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်စဉ်မှာပဲ အသတ်ခံခဲ့ရပါတယ်။ Luke Somers နဲ့ အမေရိကန်မဟုတ်သူ နောက်ထပ်ဓားစားခံတယောက်တို့ကို သောကြာနေ့ညပိုင်းက ကယ်ဆယ်ဖို့ကြိုးစားတဲ့ စစ်ဆင်ရေးအတွင်း AQAP အာရေဗျကျွန်းဆွယ်က al-Qaida အဖွဲ့က သူတို့ ၂ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က အတည်ပြု ပြောပါတယ်။

နောက်ထပ် ဓားစာခံတယောက်က တောင်အာဖရိကလူမျိုး ပရဟိတအလုပ်တွေလုပ်နေသူ Pierre Korkie ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် Luke Somers ကို al-Qaida တွေက ၂၀၁၃ September လမှာ ဖမ်းဆီးခဲ့တာပါ။ Somers ရဲ့ အသက်အန္တရာယ်အတွက် အကြီးအကျယ် စိုးရိမ်စရာရှိတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းအချက်တွေရှိတာကြောင့် ကယ်တင်ဖို့ကြိုးစားစဉ်အတွင်း အကြမ်းဖက်သမား တော်တော်များများလည်း သေဆုံးခဲ့ တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

al Qaida တို့လက်ထဲမှာ Somers လူမဆန်စွာ အသတ်ခံခဲ့ရတယ်လို့ သမ္မတ Barack Obama က ပြောပြီး အပစ်တင်ပါတယ်။ Luke Somers နဲ့ တနေရာတည်းမှာ ဖမ်းဆီးခံထားရတဲ့ တခြားဓားစာခံတွေကို ကယ်ဆယ်ဖို့ သူအမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အခုကယ်ဆယ်တဲ့ စစ်ဆင်ရေးမှာ AQAP အကြမ်းဖက်သမားတွေရဲ့ ရက်စက်မှုကို ထပ်ပြီးသတိပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြောခဲ့ပါတယ်။

တောင်အာဖရိကလူမျိုး Pierre Korkie ဟာလည်း ဖမ်းဆီးခံထားရတာ ၁ နှစ်ကျော်ရှိနေပြီး ပြန်လွတ်လာဖို့ တရက်အလိုမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သူအလုပ်လုပ်ခဲ့တဲ့ Gift of Givers ပရဟိတအဖွဲ့ကဆိုပါတယ်။ နိုင်ငံတောင်ပိုင်း Shabwa ပြည်နယ်က ပစ်မှတ်တခုအပေါ် အမေရိကန်တွေရဲ့ မောင်းသူမဲ့ Drone လို့ ထင်ရတဲ့ Drone နဲ့ တိုက်ခိုက်မှုကြောင့် al-Qaida စစ်သွေးကြွ ၉ ယောက်သေဆုံးခဲ့တယ်လို့ ယီမန်တာဝန်ရှိသူတွေက စနေနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။ Somers ကိုကယ်ဆယ်တဲ့ စစ်ဆင်ရေးနဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှု ဆက်စပ်မှု ရှိမရှိကတော့ ခုချိန်ထိ မသဲကွဲသေးပါဘူး။

XS
SM
MD
LG