သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား တောင်တရုတ်ရေပြင်မှာ ကန်ဦးဆောင်နိုင်ငံတချို့ စစ်ရေးလေ့ကျင့်


အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အမေရိကန်ရဲ့ USS William P. Lawrence ဖျက်သင်္ဘောကြီးနဲ့အတူ ဂျပန်လေယာဉ်တင် သင်္ဘော၊ အိန္ဒိယရေတပ်သင်္ဘော ၂ စင်းနဲ့ ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်တို့ဟာ တရုတ်ကသူပိုင်တယ်လို့ ကြေညာထားတဲ့ရေပြင်မှာ ပူးတွဲလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြာသပတေးနေ့က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အလားတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရင်ကလည်းလုပ်ခဲ့ဘူးပါတယ်။ အခုတခါလည်း တရုတ်ရဲ့ ဒေါ်လာ ဘီလျံ ၂၀၀ ဖိုးရှိတဲ့ သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ခြိမ်းခြောက်နေချိန်မှာ လေးနိုင်ငံပူးတွဲလေ့ကျင့်မှုလုပ်ပြီး စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်က လေယာဉ်တင်သင်္ဘောကြီး ၂ စင်းထဲက တစင်းဖြစ်တဲ့ Izumo ကိုစေလွှတ်ခဲ့သလို အိန္ဒိယက ဖျက်သင်္ဘော INS Kolkata နဲ့ ရေတပ်အထောက်အကူပြုသင်္ဘော INS Shakti ကို စေလွှတ်ခဲ့တာပါ။ ဒီသီတင်းပတ်တွင်း ၄ နိုင်ငံ ပူးတွဲလေ့ကျင့်မှုဟာ ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးပါတယ်။

တနင်္လာနေ့ကတော့ အမေရိကန်စစ်သင်္ဘောကြီး ၂ စင်း ဟာ တရုတ်က သူပိုင်တယ်လို့ ကြေညာထားတဲ့ ရေပြင်ထဲက ကျွန်းစုတွေနားကို ဖြတ်သွားခဲ့တာကြောင့် တရုတ်အစိုးရက ချက်ချင်းပဲ ကန့်ကွက်ခဲ့တာပါ။ အမေရိကန်ရေတပ်ကတော့ ဒါဟာ ကမ္ဘာတလွှားက နိုင်ငံတကာရေပိုင်နက် ဖြစ်တဲ့အတွက် လွတ်လပ်စွာသွားလာခွင့် ရှိသလို ဒီရေပြင်ပိုင်နက်အတွက် အမေရိကန်ရဲ့ မဟာမိတ်တွေကလည်း သူတို့ ပိုင်နက်လို့ ကြေညာထားကြောင်း ပြောပါတယ်။

မဟာဗျူဟာကျတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက နေရာ အားလုံးလိုလိုကို တရုတ်က သူပိုင်တယ်လို့ ကြေညာထားတာ ဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်တို့နဲ့ အဲဒီနေရာမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတာဖြစ်ပြီး အခု ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်တဲ့ ၄ နိုင်ငံထဲက အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယတို့နဲ့တော့ နယ်မြေအငြင်းပွါးမှု မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG