အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲပြီး အဓိက ရေတပ် စစ်ရေးလေ့ကျင့်မှုတခု ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို နျူကလီးယားဆိုင်ရာ ကြိုတင် ကာကွယ်ရေးပေါ် အခြေပြုပြီး ‘မြင့်မြတ်တဲ့ စစ်ပွဲ’ ဆင်နွှဲပြီးတော့ လက်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၈,၀၀၀ လောက် ပါဝင်တဲ့ Invincible Spirit လို့ အမည်ပေးထားတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးနေ့ထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
နျူကလီးယား စွမ်းအင်သုံး USS George Washington လေယာဉ်တင် သင်္ဘောနဲ့ သင်္ဘောမှာပါတဲ့ ရေတပ်ဖွဲ့ဝင်နဲ့ လေကြောင်းတပ်ဖွဲ့ဝင် ၅,၀၀၀ တို့ အပါအဝင် ရေတပ်စစ်သင်္ဘော အစင်း ၂၀ တို့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြပါတယ်။
တိုက်လေယာဉ် ၂၀၀ လောက် ပါဝင်တဲ့ လေ့ကျင့်မှုထဲမှာ F-22 Raptor တိုက်လေယာဉ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီ F-22 တိုက်လေယာဉ်တွေဟာ အမေရိကန် လေတပ်မှာ ခေတ်အမီဆုံးနဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် သူတို့အဆို ‘မြင့်မြတ်တဲ့ စစ်ပွဲ’ လို့ ခေါ်ဆိုတဲ့ စစ်ပွဲနဲ့ လက်တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယား နိုင်ငံတော် ကာကွယ်ရေး ကော်မရှင်က စနေနေ့မှာ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားက နောက်ထပ် ရန်စမှုတွေ လုပ်တာကို တားဆီးနိုင်အောင် အရေးကြီးတဲ့ အင်အားပြပွဲတခု ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက် ခေါင်းဆောင်တွေက ပြောပါတယ်။