သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့မည်


အမေရိကန်- တောင်ကိုရီးယား စစ်ရေးလေ့ကျင့်။
အမေရိကန်- တောင်ကိုရီးယား စစ်ရေးလေ့ကျင့်။

အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မယ့်အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံ၊ Pyeongchang ဒေသမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ပြီးတဲ့အထိ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ ကြာသပတေးနေ့အစောပိုင်းက တယ်လီဖုန်းစကား ပြောဆိုချိန်အတွင်း အခုလို ဆုံးဖြတ်လိုက်တာလို့ တောင်ကိုရီးယားသမ္မတအိမ်ပြာတော်က ပြောပါတယ်။

အိုလံပစ်ပွဲနဲ့ မိမိတို့စစ်ဘက်လေ့ကျင့်ခန်းကနေ ပဋိပက္ခမဖြစ်စေဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူလိုက်ကြောင်း၊ ဒါကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေဟာ အားကစားပွဲလုံခြုံရေးအပေါ် အာရုံစိုက်နိုင်မှာဖြစ်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကတော့ စစ်ရေးလေ့ကျင့်မှုကို အခုလို ဆိုင်းထားလိုက်တာနဲ့ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်ရတဲ့ ကိစ္စရပ်တခုအဖြစ်ပဲ ခပ်ဖော့ဖော့ထားပြီး ကြာသပတေးနေ့က သတင်းထောက်တွေကိုပြောပါတယ်။ မတ်လ ၉ ရက်ကနေ ၁၈ ရက်နေ့အထိလုပ်မယ့် မသန်စွမ်း အိုလံပစ်ပွဲတော်ပြီးရင် စစ်ရေးလေ့ကျင့်မှုကို ပြန်လုပ်မယ်လို့လဲ ဝန်ကြီး Mattis ကဆိုပါတယ်။

သမ္မတရဲ့ဆုံးဖြတ်ချက်နဲ့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အတွက် အကောင်းဆုံး အကျိုးစီးပွားအပေါ် ကာကွယ်ရေးဌာန က ထောက်ခံတဲ့အကြောင်း ပန်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ကြည်းတပ်ဗိုလ်မှူးကြီး Robert Manning က ကြာသပတေးနေ့ အစောပိုင်းမှာပြောပါတယ်။

Foal Eagle လို့ခေါ်တဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီနဲ့ ဧပြီလကြားမှာ လုပ်လေ့ရှိပြီး အလားတူစစ်ရေးလေ့ကျင့်မှု မျိုးတွေထဲ ကမ္ဘာမှာ အကြီးဆုံးဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ဒေသတွင်းကို ခုခံကာကွယ်ရေး အဆင်သင့်ဖြစ်မှု အားကောင်းစေ ဖို့အတွက် ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ ပူးတွဲပြီး လေ့ကျင့်တာပါ။ အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက အမြဲ ကန့်ကွက် ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG