အမေရိကန်သမ္မတ ဘရက်အိုဘားမားက တောင်ကိုရီးယားနဲ့ အမေရိကန်အကြား ချုပ်ဆိုခဲ့တဲ့ အခွန်မဲ့ကုန်သွယ်မှုစာချုပ်ဟာ သမိုင်းဝင် အရေးပါမှုကြီးတရပ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို ၃ နှစ်တာ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေရာကနေ မနေ့ကပဲ ရခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်ကြောင့် နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုအားကောင်းလာစေမှာမို့ ကွန်ဂရက်အနေနဲ့ အတည်ပြုပေးဖို့ကို သမ္မတက တောင်းဆိုလိုက်ပါတယ်။
ဒီစာချုပ်ကြောင့် အမေရိကန် ပို့ကုန်ပမာဏဟာ ဒေါ်လာ သန်း ၁,၁၀၀၀ အထိ တိုးတက်သွားပြီး အမေရိကန် အလုပ်အကိုင်ပေါင်း ၇ သောင်းအတွက် အကူအညီ အထောက်အကူ ဖြစ်စေမယ်လို့လည်း သမ္မတက ပြောပါတယ်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရွန်ကဒ် နဲ့ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ကင်မ်ဂျုံအွန်း တို့ဟာ ၀ါရှင်တန်မြို့ပြင်မှာ တပတ်ကြာ ဆွေးနွေးပြီးမှ ဒီသဘောတူညီချက်ကို ရခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ကိုရီးယားကားတွေ တင်သွင်းရာမှာ အမေရိကန်ဘက်က အခွန် ၂.၅ ရာခိုင်နှုန်းတော့ ဆက်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီကားကိစ္စဟာ ဒီညှိနှိုင်းပွဲမှာ ဆွေးနွေးရခက်တဲ့ ကိစ္စတခုဖြစ်ခဲ့ပါတယ်။