သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်နဲ့ဆွေးနွေးချင်တဲ့ မြောက်ကိုရီးယား ရည်ရွယ်ချက်


မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ချက်တခုကို တောင်ကိုရီးယားရုပ်သံတခုက ပြန်ပြီး ပြသနေစဉ်

အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ “ဆွေးနွေးပြောဆိုမှု ငြိမ်းချမ်းရေးထိုးစစ်” လုပ်ဖို့ မကြာသေးခင်က ကမ်းလှမ်းတာဟာ နိုင်ငံ့ အင်အားရဲ့ ရလဒ်သာဖြစ်ပြီး နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတဲ့ ဖိအားကြောင့် မဟုတ်ဘူးလို့ မြောက် ကိုရီးယားက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ အဆုံးသတ်စေဖို့ရည်ရွယ်ပြီး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာပါ။

အင်္ဂါနေ့က မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံသတင်းဌာနကနေ ထုတ်လွှင့်တဲ့ ဆောင်းပါးထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့ မေလမှာတွေ့ဆုံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သဘောတူထားတာအပါအဝင် တောင်ကိုရီးယား၊ အမေရိကန်တို့နဲ့ ထိပ်သီးစည်းဝေးပွဲ လုပ်မယ့်အလားအလာတွေနဲ့ပတ်သက်ပြီး ဘာမှ ထည့်ပြောမထားပါဘူး။

ဒါပေမဲ့လည်း အခုဆောင်းပါးဟာ မြောက်ကိုရီးယား၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား သံတမန်ဆက်ဆံရေး အခြေ အနေ အနည်းငယ်အပြောင်းအလဲ ရှိပြီးတဲ့နောက် အဲဒါနဲ့ပတ်သက်လို့ ပထမဆုံး ထည့်သွင်းပြောဆိုထားတဲ့ဆောင်းပါးဖြစ်ပါတယ်။

“တောင်ကိုရီးယားနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အခြေအနေအပြောင်းအလဲကြီးတခု” ရှိထားပြီး အမေရိကန်ပြည်ထောင်စုနဲ့ “အပြောင်းအလဲ အရိပ်လက္ခဏာတခု” ရှိထားပြီလို့ ဆောင်းပါးကို ဖတ်ကြားအသံလွှင့်တဲ့ အမျိုးသမီးက ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို မြောက်ကိုရီးယားဘက်က ကမ်းလှမ်းတာဟာ အင်အားချိနဲ့လို့မဟုတ်ဘဲ အင်အားကောင်း တဲ့ အနေအထားကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ “ဆွေးနွေးပြောဆိုမှု ငြိမ်းချမ်းရေးထိုးစစ်” ဟာ “လိုချင်တာမှန်သမျှ အားလုံးရထားပြီးတာနဲ့အမျှ မိမိ ကိုယ်ကို ယုံကြည်မှုကို ထုတ်ဖော်ပြသမှုတခုဖြစ်တယ်” လို့ ဆောင်းပါးဖတ်ကြားသူက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG