သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေးဆွေးနွေးဖို့ ကန်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်


 အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး Joseph Yun ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တွေ့ဆုံ
အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး Joseph Yun ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တွေ့ဆုံ

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး Joseph Yun ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ် မြောက်ကိုရီးယားအရေးကို ဆွေးနွေးဖို့ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြု ပြောဆိုပါတယ်။ အရင် စစ်အစိုးရ လက်ထက်အတွင်း မြောက်ကိုရီးယားထံကနေ မြန်မာနိုင်ငံက စစ်လက်နက်တွေ ဝယ်ယူခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် အရင်က ရှိခဲ့တဲ့ အဲဒီ လက်နက် ရောင်းဝယ် သဘောတူညီမှု အကြွင်းအကျန်တွေ ရှိမှာကို အမေရိကန်က စိုးရိမ်နေပုံရတဲ့အကြောင်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး Joseph Yun ဟာ ဇူလိုင်လ ၁၁ ရက်နေ ၁၃ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှအရှေ့မြောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။ ဒီညီလာခံကို တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ နှစ်စဉ် တက်ရောက်ခဲ့ကြတာ ဖြစ်ပေမယ့် မြောက်ကိုရီးယားက ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာ တက်ရောက်ခဲ့ပေမယ့် အခုနှစ်မှာ တက်ရောက်ခြင်း မရှိပါဘူး။

စင်ကာပူညီလာခံအပြီး သံအမတ်ကြီး Yun ဟာ ဒေသတွင်းမှာ မြန်မာတနိုင်ငံထဲကို ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း မြောက်ကိုရီးယားအရေးကိစ္စအတွက် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရ Katina Adams က ပြောပါတယ်။

“အထူးကိုယ်စားလှယ် Yun ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံကာ မြောက်ကိုရီးယား နဲ့ပတ်သက်လို့ဆွေးနွေးမှာ ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုက ကမ္ဘာတဝှမ်းက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယား အပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဝိုင်းကျင်ထားမှုကို တိုးစေဖို့ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ဆက်လက်ပြုလုပ်နေတဲ့ တရားမဝင် နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည် ပစ်လွှတ်တဲ့ အစီအစဉ်တွေအပေါ် နိုင်ငံတကာ လူ့အဖွဲ့အစည်းက ဆန့်ကျင်ရာမှာ သွေးစည်းခိုင်မာမှုရှိတယ်ဆိုတာကို ပြသဖို့ဖြစ်ပါတယ်။”

သံအမတ်ကြီး Yun ဟာ မြန်မာနိုင်ငံမှာ ၂ ရက်ကြာ နေထိုင်ဖို့ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ဆိုက်ရောက်ခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံခြားရေးဌာန ပြောခွင့်ရကလည်း မြောက်ကိုရီးယားနဲ့ သံတမန်ရေးအရ ဆက်ဆံမှုသာရှိပြီး စစ်ဖက် ဆက်ဆံရေးမရှိကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေးနဲ့ ကြွယ်၀ ချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင်တင်ရေး ကိစ္စတွေကို သံအမတ်ကြီး Yun က တင်ပြ ဆွေးနွေးခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာအနေနဲ့ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား ကင်းမဲ့ဇုံ ဖြစ်စေလိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာကနေတဆင့် ထုတ်ပြန်ထားပါတယ်။

၁၉၈၃ ခုနှစ်မှာ ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမ္မာန်ကို မြောက်ကိုရီးယားက ဗုံးခွဲ တိုက်ခိုက် ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားခဲ့ရာက စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် မှာ သံတမန် ဆက်ဆံရေးကို ပြည်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်အတွင်း မြောက်ကိုရီးယားထံကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုတွေ ရှိခဲ့တာမှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကိုယ်တိုင် မြောက်ကိုရီးယားကို သွားရောက်ပြီး နှစ်နိုင်ငံ စစ်ဘက်သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း မြောက်ကိုရီယားထံကနေ စစ်လက်နက်ပစ္စည်းဝယ်ယူမှုနဲ့ပတ်သက်လို့ ၂၀၁၃ ဇူလှိုင်လအတွင်းမှာပဲ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို မြောက်ကိုရီးယားထံက စစ်သုံးပစ္စည်းတွေ မဝယ်ဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူခဲ့ပါတယ်။

မြောက်ကိုရီးယားက အခုနောက်ဆုံး စပ်းသပ် ပစ်လွတ်လိုက်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်ဟာ အမေရိကန်က ပြည်နယ်တခုဖြစ်တဲ့ Alaska အထိ ရောက်နိုင်မှာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ကြားကပဲ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား လက်နက် တည်ဆောက်ရေး အစီအစဉ်ကို တိုးချဲ့ လုပ်ဆောင်နိုင်တာကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါကြောင့် သံအမတ်ကြီး Yun အနေနဲ့ နိုင်ငံတကာရဲ့ သွေးစည်းညီညွတ်မှုကို ရရှိလိုတဲ့အတွက် တချိန်က မြောက်ကိုရီးယားနဲ့ စစ်လက်နက် ပစ္စည်း အရောင်းအဝယ် သဘောတူညီမှု လက်ကျန်တွေ ရှိနိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို သွားရောက်ပြီး လက်ကျန် စိုးရိမ်မကင်း ဖြစ်မှုတွေကို ဆွေးနွေးခဲ့ပုံရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

မြန်မာ့ရေးရာကျွမ်းကျင်သူ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ David Steinburg က သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးပါတဲ့ အချက်တခုက မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ဖြစ်ပါတယ်။ ဒီကိစ္စကို အမေရိကန်က အမြဲတမ်း စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးက အများစုကို မြန်မာဘက်က ဖြတ်တောက်လိုက်ပြီ ဆိုပေမယ့်လည်း အရင် ရှိထားတဲ့ စစ်လက်နက် ပစ္စည်း အရောင်းအဝယ် သဘောတူညီမှု လက်ကျန်တွေ ရှိလိမ့်ဦးမယ်ဆိုတာ ကျနော် နားလည်ပါတယ်။”

မြောက်ကိုရီးုယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်နိုင်ဖို့အတွက် မြန်မာအပါအဝင် တခြားနိုင်ငံတွေက ငွေကြေး စီးဆင်းမှုတွေ မရှိစေရေးအတွက် အမေရိကန်က သေချာစေချင်ပုံရတယ်လို့ ပါမောက္ခ Steinburg က သုံးသပ်ပါတယ်။

“မြောက်ကိုရီးယားအရေးကို လက်ရှိမှာ စိုးရိမ်မှုတွေ ဖြစ်နေတဲ့ အမေရိကန်က မြောက်ကိုရီးယားကို မြန်မာအပါအဝင် ဒေသတွင်းက တခြားနိုင်ငံတွေက ငွေကြေး စီးဆင်းမှုတွေ မရှိစေရေး အမေရိကန်က သေချာစေချင်ပုံရပါတယ်။ ဒါကြောင့်လည်း မြောက်ကိုရီးယားက ထိတွေ့ ဆက်ဆံနေတဲ့ အသိုင်းဝိုင်းထဲမှာ မြန်မာနိုင်ငံ ပါမနေအောင်၊ နောက်ပြီး ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက လိုက်နာနေတယ်ဆိုတာ သေချာအောင် သံအမတ်ကြီး Yun အခုလို သွားရောက် ဆွေးနွေးတာဖြစ်ပါတယ်။”

မြန်မာနဲ့ မြောက်ကိုရီးယားကြား စစ်ဖက်ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့၊ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာဖက်က လေးစား လိုက်နာဖို့ ဆိုတာတွေကို အမေရိကန် တာဝန်ရှိသူတွေဖက်က မြန်မာ အာဏာပိုင်တွေကိုရော မြန်မာစစ်တပ်ကိုပါ တလျှောက်လုံး သတိပေး ပြောဆိုလာခဲ့တာပါ။

မနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ကြားနာပွဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ကမြန်မာစစ်တပ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ ဆက်လက် လုပ်ကိုင်နေတဲ့သူတွေ ရှိနေသေးကြောင်း၊ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ် စစ်အာဏာရှင် လက်ထက်တုန်းက လက်ကျန်တွေဖြစ်တယ်၊ ဒါပေမဲ့ လက်ရှိအစိုးရရော၊ စစ်တပ်ကပါ ဒါကို တားမြစ်ရမယ်ဆိုတာကို နားလည် သဘောပေါက်ကြတယ်လို့ သူမြင်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG