သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ထိပ်တန်းတပ်မှူးကြီး တယောက်ကို အမေရိကန်သုတ်သင်


Deir al_Zour, Syria
Deir al_Zour, Syria

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက IS စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို သုတ်သင်နိုင်ခဲ့ပြီး သူ့ဇနီးကို ဖမ်းဆီးခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ ပန်တဂွန်စစ်ဌာနချုပ်က ဒီကနေ့မှာ ပြောပါတယ်။

စစ်သွေးကြွတွေ ရန်ပုံငွေရရှိဖို့ မှောင်ခိုဈေးကွက်မှာ ရေနံတင်ပို့ရောင်းချမှုအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်လို့ အမေရိကန်အနေနဲ့ ယုံကြည်ထားတဲ့IS ခေါင်းဆောင်Abu Sayyaf ကို အဓိကပစ်မှတ်ထားပြီး အမေရိကန်အထူးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။ ဒီ al-Amr မှာ စစ်ဆင်ရေး ဆင်နွှဲဖို့အီရတ်မှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းကနေတပ်သားတွေစေလွှတ်ဖို့ ပန်တဂွန်ကို သမ္မတဘရက် အိုဘားမားက သောကြာနေ့ နှောင်းပိုင်းမှာ ညွှန်ကြားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

IS ခေါင်းဆောင်ရဲ့ဇနီး Umm Sayyaf ကိုတော့ အီရတ်နိုင်ငံက အမေရိကန် စစ်ဘက် ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားပြီး သူတို့ဖမ်းဆီးထားတဲ့ Yazidi အမျိုးသမီးငယ်တဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလိုဝင်ရောက် စီးနင်းမှုအတွင်း အမေရိကန်ဘက်က အထိအခိုက် အကျအဆုံးမရှိဘူးလို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ Bernadette Meehan က ပြောပါတယ်။

ဒီလို တိုက်ခိုက် ချေမှုန်းမှုဟာ အမေရိကန်အနေနဲ့ သူတို့နိုင်ငံသားတွေ၊ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေ ခိုအောင်းလို့မရအောင် အမေရိကန်အနေနဲ့ တစိုက်မတ်မတ်လုပ်သွားမယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွင်း အမေရိကန်နဲ့ မဟာမိတ်တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ လနဲ့ချီ လုပ်ဆောင်နေပေမယ့် မြေပြင်တပ်ဖွဲ့တွေ အသုံးပြုမှုကိုတော့ ကန့်သတ်ထားပါတယ်။ မဟာမိတ်တွေဟာ လေကြောင်းကနေ ၂၁ ကြိမ် ညလုံးပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။

XS
SM
MD
LG