သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်အသစ် ထုတ်လုပ်နေကြောင်း ကန်ထောက်လှမ်းရေးတွေ့ရှိ


မြောက်ကိုရီးယားနိုင်ငံ ပြုံယန်းဒေသမှာရှိတဲ့ Sanumdong သုတေသနလုပ်ကွက်မှာ မစ်ဇိုင်းဒုံးကျည်တွေကို တည်ဆောက် နေတဲ့ အရိပ်လက္ခဏာတွေကိုမြင်ရတဲ့ ထောက်လှမ်းရေးဂြိုလ်တုက ရိုက်ထားတဲ့ဓါတ်ပုံ ( ဇူလိုင် ၂၉-၂၀၁၈)
မြောက်ကိုရီးယားနိုင်ငံ ပြုံယန်းဒေသမှာရှိတဲ့ Sanumdong သုတေသနလုပ်ကွက်မှာ မစ်ဇိုင်းဒုံးကျည်တွေကို တည်ဆောက် နေတဲ့ အရိပ်လက္ခဏာတွေကိုမြင်ရတဲ့ ထောက်လှမ်းရေးဂြိုလ်တုက ရိုက်ထားတဲ့ဓါတ်ပုံ ( ဇူလိုင် ၂၉-၂၀၁၈)

မြောက်ကိုရီးယားနိုင်ငံမှာ မစ်ဇိုင်းဒုံးကျည်အသစ်တည်ဆောက်မှုတွေလုပ်နေတဲ့ လက္ခဏာတွေကို မြင်နေရတယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကပြောတဲ့အကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဓါတ်ပုံတွေနဲ့တကွဖေါ်ပြလိုက်ပါတယ်။ တောင်ကိုရီးယား နိုင်ငံကလည်း ထောက်လှမ်းရေးသတင်းတွေကို ထုတ်မပြောနိုင်ပေမဲ့ မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတွေ ကို အနီးကပ်စောင့်ကြည့်နေပါတယ်လို့ဆိုပါတယ်။ နူကလီးယားလက်နက်ဖျက်သိမ်းဖို့သဘောတူထားတဲ့မြောက်ကိုရီးယားရဲ့ ခြေလှမ်းတွေက ဘယ်လိုလဲ ဆိုတာနဲ့ပတ်သက်ပြီး ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းဒေသမှာရှိတဲ့ Sanumdong သုတေသနလုပ်ကွက်မှာ မစ်ဇိုင်းဒုံးကျည်တွေကို တည်ဆောက် နေတဲ့ အရိပ်လက္ခဏာတွေကိုမြင်ရတဲ့ ထောက်လှမ်းရေးဂြိုလ်တုက ရိုက်ထားတဲ့ဓါတ်ပုံတွေအပါအဝင် သက်သေ အထောက်အထားအသစ်တွေကို ဝါရှင်တန်ပို့စ်သတင်းစာမှာ ဇူလိုင်လ၃၀ရက်နေ့က ဖေါ်ပြထားတာပါ။ အဲဒီဓါတ် ပုံတွေကမကြာသေးခင်သီတင်းပတ်တွေတုန်းကမှ ရိုက်ထားတဲ့ဓါတ်ပုံတွေပါ။ အမည်မဖေါ်လိုတဲ့အမေရိကန်ထောက်လှမ်းရေး အရာရှိတွေရဲ့ပြောဆိုချက်အရ ကြီးမားတဲ့ Sanumdong သုတေသနလုပ်ကွက်မှာ မစ်ဇိုင်းဒုံးကျည်တခု ဒါမှမဟုတ် ၂ခု တည်ဆောက်နေပုံရတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကိုပြောပါတယ်။

သက်သေအထောက်အထားသစ်တွေအရ လောင်စာအရည်သုံး တိုက်ချင်းပစ်ပဲ့ထိမ်းတပ်ဒုံးကျည်တွေကို တည်ဆောက်နေတဲ့သဘောပါပဲ။ မြောက်ကိုရီးယားရဲ့ မစ် ဇိုင်းဒုံးကျည်က အမေရိကန်ပြည်ထောင်စုကိုရောက်အောင် ပစ်နိုင်တဲ့အထိ ထုတ်လုပ်ထားနိုင်ခဲ့တာပါ။ ထောက်လှမ်းရေးဂြိုလ်တုက ရိုက်ထားတဲ့ ဓါတ်ပုံတွေအရ Sanumdong စက်ရုံမှာ မော်တော်ယာဉ်တွေ ဝင်ထွက်သွားလာနေတာကိုတွေ့ရပါတယ်။ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ ပုဂ္ဂိုလ် Kim Deuk-Hwanက မနေ့တုန်းကပဲ သတင်းထောက်တွေကိုပြောပါတယ်။

"တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး အမေရိကန်ပြည်ထောင်စု နဲ့လည်းအနီးကပ်လုပ်ဆောင်မှုတွေရှိနေပါတယ်။ ထောက်လှမ်းရေးသတင်းတွေကို ကျနော်တို့ပြောလို့မဖြစ်ဘူးဆိုတာကို တော့ ခင်ဗျားတို့နားလည်ပေးနိုင်လိမ့်မယ်လို့ထင်တဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန လက်တောက် ပြောခွင့်ရပုဂ္ဂိုလ်က ကိုရီးယားလိုပြောသွားခဲ့တာပါ။"

Sanumdong စက်ရုံကနေ Hwasong-15 ICBM လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်၂ခုအရင်ကထုတ်လုပ်ထားတာရှိပါတယ်။ အဲဒီဒုံးကျည်တွေက မြောက်ကိုရီးယားရဲ့ အဝေးဆုံးပစ်နိုင်တဲ့ဒုံးကျည်တွေပါ။ ပြီးခဲ့တဲ့လတုန်းကပဲ စင်္ကာပူနိုင်ငံမှာ လုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နူကလီးယားလက်နက်တွေကို လုံးဝဖျက်သိမ်းပါ့မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သဘောတူထားတာပါ။

ဒါပေမဲ့လည်း အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအွန်းတို့လက်မှတ်ရေး ထိုးထားတဲ့ သဘောတူညီချက်မှာတော့ နူကလီးယားလက်နက်တွေကို ဘယ်ပုံဘယ်နည်းနဲ့ဖျက်သိမ်းစွန့်လွှတ်မှာလဲ၊ ဒီလုပ်ငန်းတွေကို ဘယ်တော့လုပ်မှာလဲဆိုတဲ့ အသေးစိတ်အချက်တွေမပါဝင်ပါဘူး။ စင်္ကာပူဆွေးနွေးပွဲအပြီးမှာတော့ မြောက်ကိုရီးယားရဲ့ နူကလီးယား ခြိမ်းခြောက်မှုတွေ မရှိတော့ဘူးလို့ သမ္မတထရမ့်က တွစ်တာလူမှုကွန်ယက်ကနေရေးသားပါတယ်။

Rand Corporation ရဲ့ကာကွယ်ရေးဆိုင်ရာ အကြီးတန်းလေ့လာသုံးသပ်သူ Bruce Bennett ကတော့ မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်ဟာ ရှင်းရှင်းလင်းလင်းမရှိဘူး၊ အရင်ကာလတွေတုန်းကလို ဆွေးနွေးညှိနှိုင်းဖို့လုပ်လိုက် နူကလီးယားလုပ် ငန်းတွေလုပ်လိုက်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

"မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက လုပ်ဆောင်ခဲ့တာ၊ ဖြစ်ပျက်ခဲ့တာတွေကိုကြည့်ပြီး ချိန်းခြောက်မှုတွေပို လုပ်လေလေ အမေရိကန်ဘက်က သဘောတူညီမှုရဖို့ညှိနှိုင်းမှုတွေပိုလုပ်လေလေ ဆိုတာမျိုး သဘောပေါက်ထားပါတယ်။ သမ္မတထရမ့်ဟာ အရင်သမ္မတဟောင်းတွေလိုလုပ်ဖို့မလိုအပ်ပါဘူး။ သမ္မတထရမ့်က ပိုပြီးတွန်းလေလေ မြောက်ကိုရီး ယားအတွက်အခြေအနေဆိုးလေလေဖြစ်ပါလိမ့်မယ်။ သူတို့တွေလက်ခံနိုင်မှာမဟုတ်ပါဘူး။"

မြောက်ကိုရီးယားရဲ့ နူကလီးယားဆိုင်ရာထုတ်လုပ်မှုတွေကို ထိန်းချုပ်နိုင်ဖို့ကအရေးကြီးတယ်လို့လည်း Bruce Bennettက ဆက်ပြောပါတယ်။

"နူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်တာတွေ များများစားစားကျနော်တို့မမြင်ရသေးပါဘူး။ နုူကလီးယားထုတ်လုပ်မှုနဲ့ဆိုင်တာတွေကို ကျနော်တို့က ထိမ်းချုပ်စေချင်တာပါ။ ဒီလိုလုပ်ရပ်တွေကျနော်တို့မတွေ့ရသေး ပါဘူး။ နူကလီးယားလက်နက်လျှော့ချတာတွေကိုလည်း မတွေ့ရသေးပါဘူး။"

မြောက်ကိုရီးယားဟာ နူကလီးယားအစီအစဉ်ကိုစွန့်လွှတ်မယ်လို့ကတိပေးထားပေမဲ့ နူကလီးယားဗုံးတွေအတွက် လောင်စာတွေကိုဆက်ပြီးထုတ်လုပ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြီးခဲ့တဲ့ အပတ်ကပဲ ပြောထားပါတယ်။ လောလောဆယ်မှာတော့ နူကလီးယားအစီအစဉ်ဖျက်သိမ်းရေးကိုရှေ့ရှုတဲ့ ခိုင်မာတဲ့အထောက် အထားတွေအပေါ်မှာ မြောက်ကိုရီးယားနဲ့ပြောဆိုနေတာဖြစ်ပြီး အမေရိကန်ဘက်ကဆိုလိုတဲ့ နူုကလီးယားဖျက်သိမ်းရေး ဆိုတဲ့အဓိပ္ပါယ်ကို ကင်ဂျုံအွန်းက သဘောပေါက်ပါတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပွန်ပီယိုက လွှတ်တော် အမတ်တွေကိုပြောပါတယ်။ မြောက်ကိုရီးယားဟာ သမ္မတထရမ့်အစိုးရကို အသုံးချနေတာမဟုတ်ဘူးလို့လည်း ဝန်ကြီး ပွန်ပီယိုက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG