သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြ အီရန်အမျိုးသမီးတွေနဲ့အတူ ရပ်တည်ကြောင်း သမ္မတဘိုင်ဒန် ပြောကြား


Italy Iran Protest
Italy Iran Protest

အီရန်မှာ သီတင်းပတ် ၅ ပတ်ကြာလာတဲ့အထိ လူထုဆန္ဒပြပွဲကြီးတွေ မရပ်တန်းဆက်ဖြစ်နေတဲ့အပေါ် အံ့သြခဲ့ရပြီး၊ ရဲရင့်တဲ့ အီရန်အမျိုးသမီးတွေ၊ အီရန်နိုင်ငံသားတွေနဲ့အတူ သူ ရပ်တည်နေပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။ အီရန် ဘာသာရေး ရဲတွေရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ အီရန်အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေဟာ အခုနှစ်ပိုင်းတွေထဲ အကြီးမားဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သမ္မတဘိုင်ဒန်က ကယ်လီဖိုးနီးယားပြည်နယ်၊ Irvine ကောလိပ်မှာ မနေ့က မိန့်ခွန်းပြောကြားချိန် ထည့်သွင်းပြောဆိုသွားခဲ့တာပါ။

“အီရန် နိုင်ငံသားတွေ၊ ရဲရင့်တဲ့ အမျိုးသမီးတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်ပေးနေတာ သိစေချင်ပါတယ်၊ အီရန်မှာ အခုလို အုံကြွလာတာကို ကျွန်တော်ကိုယ်တိုင် အံသြရပါတယ်။ ဒါမျိုးက အချိန်အတော်ကြာကြာအထိကို အသံပြန်တိတ်သွားအောင် လုပ်လို့ရနိုင်မှာမျိုးလို့ ကျနော် မထင်ပါဘူး” လို့ သမ္မတက ပြောကြားတာပါ။

သောကြာနေ့ အစောပိုင်းတုန်းကလည်း အမေရိကန် ဒုသမ္မတ Kamala Harris၊ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိမ်ဖြူတော် လုံခြုံရေးအကြံပေး Jake Sullivan တို့က အီရန်လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ အီရန်မှာ တန်းတူအခွင့်အရေးနဲ့ လူ့အခွင့်အရေးရဖို့၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ထောက်ခံအားပေးနေပါတယ်လို့ ဒုသမ္မတ Harris ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီ့မတိုင်ခင်လည်း နိုင်ငံခြားရေးဝန်ကြီး Blinken က အီရန်နိုင်ငံဖွား ရုပ်ရှင်မင်းသမီး Nazanin Boniadi နဲ့ စာရေးဆရာမ Roya Hakakian အပါအဝင် ပြည်ပရောက် အီရန်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ တင်းမာတဲ့ သဘောထားရှိသူ ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ အီရန်သမ္မတ Ebrahim Raisi ကတော့ အီရန်အစ္စလာမ်မစ်နိုင်ငံ မတည်မငြိမ်ဖြစ်အောင် အမေရိကန်က ဒီဆန္ဒပြပွဲတွေကို မြှောက်ပင့်ပေးနေတာပါလို့ စွပ်စွဲထားပါတယ်။

==== Unicode ====





XS
SM
MD
LG