သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန သဘာထား


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby

အမေရိကန်ဘဏ္ဍာရေးဌာနက ပြုပြင်မွမ်းမံလိုက်တဲ့ မြန်မာအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုမှာ အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံ ငွေကြေးလွဲှပြောင်းမှုတွေနဲ့ ဘဏ်လုပ်ငန်းတွေကို ချော့မွေ့နိုင်အောင် အထောက်အကူပေးမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။

ဒီပြင်ဆင်ချက်ဥပဒေဟာ ဘဏ်လုပ်ငန်းဆိုင်ရာအပိုင်းကို အထူးအလေးပေးထားတာဖြစ်ပြီး အရင်က နှစ်နိုင်ငံကြား ငွေအလွှဲအပြောင်း ပိတ်ပင်ထားတဲ့အချက်တွေ မရှိသလောက်ဖြစ်သွားကြောင်း ပိတ်ဆို့မှုဆိုင်ရာကျွမ်းကျင်သူ တဦးကသုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်တင်ဆက်မှာပါ။

အမေရိကန်အစိုးရက မနေ့ကမြန်မာအပေါ်ပိတ်ဆို့အရေးမှုသက်တမ်းတနှစ် တိုးမြှင့်လိုက်တဲ့အထဲမှာ ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ တချို့အချက်တွေကိုတော့ ပယ်ဖျက်ပေးလိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာတက်လာတဲ့ ဒီမိုကရက်တစ်အစိုးရသစ်နဲ့အတူ စီးပွားရေးဖွံဖြိုးမှုကို ထောက်ခံကူညီတဲ့ ခြေလှမ်းအဆင့်တွေဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှာ မနေ့ကကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောသွားပါတယ်။

"ဒီအဆင့်တွေဟာ မြန်မာနဲ့ ကုန်သွယ်ရေးကို အထောက်အကူပြုဖို့၊ မြန်မာနိုင်ငံတွင်း ကုန်ပစ္စည်းစီးဆင်းမှုတွေကို ထောက်ပံပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူတွေ၊ အမေရိကန်နိုင်ငံသားတွေရဲ့ လိုအပ်ချက်အရလုပ်တဲ့ ငွေသွင်းငွေလွဲှလုပ်ငန်းတွေမှာ ခွင့်ပြုနိုင်ဖို့၊ ဒါအပြင် မြန်မာနိုင်ငံတွင်း သတ်မှတ်ခွင့်ပြုထားတဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ငွေကြေးအလွဲှအပြောင်းလုပ်နိုင်ဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။"

အခုလို အမေရိကန်အစိုးရက မြန်မာအပေါ်ပိတ်ဆို့မှုတွေလျော့ပေးလိုက်တဲ့အထဲမှာ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးလွဲှပြောင်းမှုဆိုင်ရာအချက်တွေဟာ အဓိကဖြစ်တယ်လို့ မြန်မာ့အပေါ်ပိတ်ဆို့မှုဆိုင်ရာကျွမ်းကျင်သူလည်းဖြစ်၊ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်တဲ့ ဝါရှင်တန်အခြေစိုက် Inle အကြံပေးအဖွဲ့ ဥက္ကဌ Peter Kucik က ဗွီအိုအေကိုပြောပါတယ်။

"ပိတ်ဆို့မှုဖြေလျော့ပေးလိုက်တဲ့အထဲ ဘဏ်လုပ်ငန်းဆိုင်ရာအပိုင်းမှာအများဆုံးဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့လည်း ကန့်သတ်ချက်အချို့တော့ကျန်နေပါသေးတယ်။ ဒါကတော့ ဆက်ပြီးပစ်မှတ်ထားအရေးယူထားတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်လို့မရပါဘူး"

အခုလိုဘဏ်လုပ်ငန်းအပိုင်းမှာ ပိတ်ဆို့မှုအတော်များများကို လျော့ချလိုက်တဲ့အတွက် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံဈေးကွက်စီးပွားရေးမှာ အထူးသဖြင့် တရုတ်ကုမ္ပဏီတွေနဲ့ ပိုမိုယှဉ်ပြိုင်ခွင့်ရနိုင်သလားဆိုတဲ့အမေးကိုတော့-

"ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျော့ပေးလိုက်တဲ့ ကုမ္မဏီတွေနဲ့ စီးပွားရေးလုပ်ဖို့ အမေရိကန် ကုမ္မဏီတွေအနေနဲ့ တခြားကုမ္မဏီတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ခွင့် ပိုရလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်က အဓိက အချက်လို့ ကျနော်မထင်ဘူး။ အမေရိကန် အစိုးရ အဓိက ပြောတာက စီးပွားရေးလုပ်မယ့် ကုမ္မဏီတွေဟာ အရပ်ဖက် အုပ်ချုပ်ရေးအောက်မှာ ရှိပြီး ထင်သာမြင်သာရှိရှိ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုက ဆက်ပြီးပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီစာရင်းတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးကုန်သွယ်မှုတွေနဲ့ပတ်သက်နေတာကြောင့်ဖြစ်တယ်လို အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ Peter Kucik ရဲ့အမြင်ကတော့

"ဒါက ပိတ်ဆို့မှု ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်တလျှောက်လုံးမှာ အမေရိကန်ပြည်ထောင်စုဘက် စိုးရိမ်တဲ့အကြောင်း ပြောနေခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္မဏီတွေကို ထပ်ပြီး ဖြည့်စွက်တဲ့ ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းလာပါတယ်။ မြန်မာကုမ္မဏီတွေအနေနဲ့ မြောက်ကိုရီးယားနဲ့ လက်နက်က ရောင်းဝယ်တာမျိုး ပတ်သက်မယ်ဆိုရင် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး အရေးယူဒဏ်ခတ်နိုင်ပါတယ်။"

အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုကိုပြုပြင်မွမ်းမံတဲ့ ကြေညာချက်မှာလည်း မြန်မာအစိုးရနဲ့ပြည်သူတွေကို ကူညီဖို့အတွက် ကုန်သွယ်ရေးနဲ့ ပိတ်ဆို့မှုမခံရတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခွင့်ရဖို့ မြန်မာအပေါ် ပိတ်ဆို့ထားမှုကို ပြန်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးနဲ့အကြမ်းဖက်လုပ်ငန်းများဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ယာယီလက်ထောက်ဝန်ကြီး Adam J Szubin ကပြောဆိုကြောင်းဖေါ်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်မွမ်းမံချက်

XS
SM
MD
LG