သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုအရည်သွေး သတိပေးချက် ထုတ်ပြန်ရတဲ့ ကနေဒါတောမီး


ကနေဒါနိုင်ငံ၊ Fox Lake အနီးလောင်ကျွမ်းနေတဲ့ Paskwa တောမီး၊ မေ ၁၆၊ ၂၀၂၃
ကနေဒါနိုင်ငံ၊ Fox Lake အနီးလောင်ကျွမ်းနေတဲ့ Paskwa တောမီး၊ မေ ၁၆၊ ၂၀၂၃

ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေအကြီးအကျယ်လောင်ကျွမ်းရာက ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် အမေရိကန် နိုင်ငံဘက်ခြမ်းက နယူးယောက်နဲ့ အခြားမြို့ကြီးတွေရဲ့ ကောင်းကင်အထိ မီးခိုးရောင်မှိုင်းအုံ့အုံ့ ဖြစ်နေပြီး အမေရိကန်ပြည်နယ် တဒါဇင်ကျော်မှာ လေထုအရည်အသွေး သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဗားမောင့်ကနေ တောင်ကယ်ရိုလိုင်းနားအထိ၊ တခါ အနောက်အလယ်ပိုင်းရှိ အိုဟိုင်းအိုနဲ့ ကန်ဆက်စ် အပါအဝင် ပြည်နယ် ၁၅ ခုမှာ လေထုအရည်အသွေးဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆင့်ဖြစ်နေပြီး အသက်ရှုရ ခက်ခဲနိုင်ကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော် မှာလည်း လေထုအရည်အသွေးသတိပေးချက် ထုတ်ပြန်ထားကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။ အိမ်ပြင်ထွက်ချိန်ကန့်သတ်ဖို့ ညွှန်ကြားထားပြီး အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာရှိတဲ့သူတွေ နှာခေါင်းစည်းတပ်ဖို့ အကြံပြုထားပါတယ်။

ပုံမှန်ဆိုရင်မိုင်ပေါင်းများစွာ အဝေးကနေ လှမ်းမြင်နိုင်တဲ့ နယူး‌ယောက်မြို့က မိုးမျှော်တိုက်တွေဟာ အခုဆိုရင် လုံးဝ မမြင်နိုင်တဲ့ အခြေအနေအထိ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတာပါ။ ဗုဒ္ဓဟူးနေ့က နယူးယောက်မှာ စာသင်ကျောင်းတွေ ဖွင့်ခဲ့ပေမယ့် အလယ်တန်းကျောင်းဆင်းပွဲ အပါအဝင် ပြင်ပ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေကို ဖျက်သိမ်းတာ၊ ဒါမှမဟုတ် ရွှေ့ဆိုင်းတာ၊ ဒါမှမဟုတ် အဆောက်အအုံ အမိုးအကာ အောက် ပြောင်းရွှေ့ ကျင်းပတာတွေ လုပ်ခဲ့ရပါတယ်။

ကနေဒါတောမီးကလာတဲ့ မီးခိုးတွေအောက် နယူးယောက်မြို့က လေဘာတီရုပ်တု ၊ ဂျွန် ၆၊ ၂၀၂၃
ကနေဒါတောမီးကလာတဲ့ မီးခိုးတွေအောက် နယူးယောက်မြို့က လေဘာတီရုပ်တု ၊ ဂျွန် ၆၊ ၂၀၂၃

မီးခိုးငွေ့တွေဟာ ကနေဒါကနေပြီး အမေရိကန်မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်နေတာပါ။
ပူနွေးခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေကြောင့် ကနေဒါဟာ နိုင်ငံ့သမိုင်းမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ စံချိန်တင်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ကနေဒါရဲ့ စီးပွားမြို့တော် တိုရွန်တိုမှာလည်း လေထုအရည်အသွေးသတိပေးချက်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားရပါတယ်။ အစိုးရ မြို့တော် အိုတာဝါ မှာလည်း လေထုဟာ ‘အလွန် အန္တရာယ် ကြီးတဲ့’ အဆင့် ဖြစ်နေပါတယ်။

ကနေဒါနိုင်ငံအနောက်ပိုင်းပြည်နယ်တွေမှာ တောမီးလောင်နေကျ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ အရှေ့ပိုင်းပြည်နယ်ဖက်ခြမ်းမှာပါ တောမီးဒဏ် ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ ပြည်ထောင်စု အစိုးရက အဲဒီဒေသကို စစ်တပ်စေလွှတ်ပြီး ကူညီရေးတွေလုပ်ဆောင်ပေးနေရပါတယ်။

ကနေဒါရဲ့ ပြည်နယ်နဲ့ နယ်မြေ ၁၀ ခုလုံးနီးပါးမှာ မီးလောင်ကျွမ်းမှုများရှိနေပြီး Quebec မှာ အဆိုးရွားဆုံးဖြစ်နေပါတယ်။ မိုးကြိုးပစ်တာကြောင့် မီးလောင်မှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။ ကနေဒါနိုင်ငံရဲ့ မြေ ဧရိယာ ဟက်တာ ၃ ဒသမ ၃ သန်း လောင် မီးလောင်ခဲ့ပြီး ဒါဟာ ၁၀ နှစ် ပျမ်းမျှထက် ၁၃ ဆ လောက် လောင်ကျွမ်းခဲ့တာပါ။ လူပေါင်း ၁၂၀,၀၀၀ ကျော်ဟာလည်း နေအိမ်တွေက စွန့်ခွာ ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG