သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ခြေနီ ယာဉ်တန်း တိုက်ခံရမှု ကန် ဝေဖန်


 ကြက်ခြေနီယာဉ်တန်း အတိုက်ခံရ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)
ကြက်ခြေနီယာဉ်တန်း အတိုက်ခံရ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)

ပဋိပက္ခဖြစ်ပွါးရာဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ ကြက်ခြေနီယာဉ်တန်း ရှမ်းပြည်မြောက်ပိုင်းမှာ ဒီလ ၁၇ ရက်နေ့ကတိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ရှုတ်ချကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ဖေဖော်ဝါရီ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အကူအညီ အမှန်တကယ် လိုအပ်နေတဲ့ လူတွေအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို စွန့်စွန့်စားစား လုပ်ဆောင်နေကြတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ ကြက်ခြေနီဝန်ထမ်းတွေကို တိုက်ခိုက်တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု စံနှုန်းစံထားတွေနဲ့အညီ လူသားချင်းစာနာမှုအကူအညီပေးနေကြတဲ့သူတွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံစွာသွားလာကူညီနိုင်အောင် ဆောင်ရွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။

အလားတူပဲ အရပ်သားပြည်သူတွေကိုလည်း ပဋိပက္ခဒေသကနေ ဘေးကင်းစွာ ထွက်ခွာနိုင်အောင် ဆောင်ရွက်ပေးဖို့တောင်းဆိုကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။ ရှမ်းပြည် မြောက်ပိုင်းကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်လာနေခဲ့တာပါ။ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်သောင်းနဲ့ချီ အနီးဝန်းကျင်ဒေသတွေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံထဲကို ထွက်ပြေးနေကြရပါတယ်။

XS
SM
MD
LG